ချောင်းဦးမြို့နယ်တွင် ဒရုန်းဖြင့်ဗုံးကြဲ၍ မိုင်းဆွဲတိုက်ခိုက် ပျူစောထီးနှင့်စစ်ကောင်စီတပ်သား ၂၀ သေဆုံး

ချောင်းဦးမြို့နယ်တွင် ဒရုန်းဖြင့်ဗုံးကြဲ၍ မိုင်းဆွဲတိုက်ခိုက် ပျူစောထီးနှင့်စစ်ကောင်စီတပ်သား ၂၀ သေဆုံး

ဇွန်လ ၆ ရက်

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ် ကံဇီးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် နှင့် ပျူစောထီးများ အား ဒရုန်းဖြင့်ဗုံးကြဲပြီးနောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂၀ ဦး သေဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့များသည် ဇွန်လ ၅ရက်နေ့ မွန်းလွဲ ၁နာရီခန့်က ပျူစောထီးများနှင့် ပူးပေါင်းကာ ကံဇီး ရွာတွင်တပ်စွဲထားပြီး အနီးအနားရှိရွာများအား ပစ္စည်းလု၊ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့် စစ်ကောင်စီ တပ်အား သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့က ဒရုန်းနဲ့ဗုံးကြဲတော့ သူတို့က အယောင်ပြထွက်တိုက်ဟန်ပြုပြီး ပစောက်ပုံစံဝိုင်းတိုက် တယ်။ ကျွန်တော်တို့ကလည်း မိုင်းခင်းထားပြီး သူတို့လိုက်လာအောင် အနီးထိသွားပစ်ကြတာ။ မိုင်းကွင်း ထဲကို အများစုရောက်တဲ့အချိန်မှာ ဖောက်ခွဲလိုက်တာ အတော်အထိနာသွားကြတာ” ဟု ဗန္ဓုလနှင့်အဖွဲ့ သားများအဖွဲ့၏တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

ဒရုန်းဖြင့်ဗုံးကြဲရာတွင် ပစ်မှတ်ကို အတိအကျမှန်ကန်ပေါက်ကွဲခဲ့သော်လည်း အကျအဆုံးစာရင်းကိုမူ မသိရသေးကြောင်း ဆိုသည်။ 

စစ်ကောင်စီတပ်သားများသည့် ဒရုန်းဖြင့်ဗုံးကြဲခံရပြီးနောက် ကံဇီးရွာမှထွက်၍ လိုက်လံတိုက်ခိုက်ခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့က ပွိုင့်နေရာသုံးနေရာခွဲ၍ ပြန်လည်စောင့်ကြိုခဲ့သည်။ လိုက်လံတိုက်ခိုက်သည့် စစ်ကောင်စီတပ်သား ၃၀ ခန့် မိုင်းကွင်း အတွင်းသို့ရောက်ရှိချိန်တွင် ပဒေသာမိုင်းဖြင့် ဖောက်ခွဲရာ ၁၈ ဦး သေဆုံးသွားကြောင်း ကာကွယ်ရေးတပ်ဖွဲ့၏တာဝန်ရှိသူက ပြောသည်။

ဆက်လက်၍ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြရာ ၁၅ မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်သား နှစ်ဦးထပ်မံသေဆုံးသွားသည်ဟု ၎င်းက ဆိုသည်။

“ခွေးတွေဘက်ကပစ်တဲ့ ကျည်ဆံတွေက ကျွန်တော်တို့ ခေါင်းတွေပေါ်မှာရော နား နားတွေမှာပါ ဝီခေါ်နေ တာ။ ကျွန်တော်တို့မှာက မိုင်းကိုပဲအားကိုးတိုက်ရတာ မောင်းပြန်တစ်လက်မှ မပါဘူး။ ပြည်သူကထောက် ပံ့ပေးတာလေးတွေကို အကောင်းဆုံးပြင်ဆင်ပြီး အဆုံးထိတိုက်သွားမယ်” ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သူ Famers Revolution Force CHU ၏ တာဝန်ရှိသူကပြောသည်။

အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီးနောက် စစ်ကောင်စီတပ်မှ ကားနှစ်စီးဖြင့်စစ်ကူရောက်လာပြီး လက်နက် ကြီးငယ်များနှင့် ပစ်ခတ်သဖြင့် အင်အားချင်းမမျှ၍ ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး သေနတ်ဒဏ်ရာဖြင့်ကျန်ရစ်ခဲ့ရာ ၎င်း၏ ဉီးလေး တော်စပ်သူ ပျူစောထီးအဖွဲ့ဝင် ခွေးပု(ခ)ဇော်ဇော်ကိုယ်တိုင် မီးရှို့သတ်ဖြတ်ခဲ့သည်ကို မျက်မြင်ပြည်သူ တစ်ဦး၏ သတင်းပေးချက်အရ ပြန်လည်သိရှိရကြောင်း ကာကွယ်ရေးတပ်ဖွဲဝင်များက ဆိုသည်။ 

အဆိုပါတိုက်ပွဲအား ဒေသခံကာကွယ်ရေးတပ် မုံရွာ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Farmers Revolution Force FRF (CHU) ၊ နှင့် Aung San Force ASF ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။ 

ချောင်းဦးမြို့နယ်ရှိ ကင်းမွန်းတော်၊ ကံကြီးကုန်း၊ ကံဇီးနှင့် မုံရွာမြို့နယ်ရှိ တောပုရွာတို့သည် ပျူစောထီး ရွာများဖြစ်ပြီး စစ်ကောင်စီတပ်များ အထိုင်ချလျက်ရှိသည်။ စစ်ကောင်စီတပ်များသည် ပျူစောထီးများ အား သင်တန်းပေး၍ လက်နက်တပ်ဆင်ပေးကာ အနီးနားရှိကျေးရွာများမှပစ္စည်များကို လုယက်ခြင်း မီးရှို့ခြင်းများ ပြုလုပ်နေကြကြောင်း ကာကွယ်ရေးတပ်ဖွဲ့ ထံကသိရှိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly