MOU လုပ်သား ၂,၇၀၀ ကျော် အထိ ထိုင်းအစိုးရက ခေါ်ယူခဲ့

MOU လုပ်သား ၂,၇၀၀ ကျော် အထိ ထိုင်းအစိုးရက ခေါ်ယူခဲ့

မဲဆောက်၊ဇွန်လ(၃)

ထိုင်း-မြန်မာ နယ်စပ်ဂိတ် နှစ်ခုတွင် မေလနှင့် ဇွန်လဆန်းပိုင်း အထိ နှစ်နိုင်ငံ သဘောတူစာချုပ် MOU စနစ်ဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂,၇၀၀ ကျော်ကို ခေါ်ယူစေလွှတ်ပေးခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံး (Myanmar Labour Attache Office) တာဝန်ရှိသူများထံမှ သိရသည်။

လက်ရှိတွင် မေလ ၁၀ ရက်မှ ဇွန်လ ၂ ရက်နေ့ အထိ ထိုင်း-မြန်မာ နယ်စပ်ဂိတ် ဖြစ်သည့် မဲဆောက်-မြ၀တီ နယ်စပ်ဂိတ်တွင် ရှစ်ကြိမ်ဖြင့် MOU လုပ်သား ၂,၄၁၉ ဦးကို ခေါ်ယူခဲ့သည်ဟု မဲဆောက် အလုပ်သမား သံအရာရှိရုံး (Myanmar Labour Attache Office) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုအပြင် ရနောင်း -ကော့သောင်း နယ်စပ်ဂိတ်တွင်လည်း မေလ ၂၄ ရက်နှင့် ဇွန်လ ၂ ရက်နေ့တို့တွင် နှစ်ကြိမ် စုစုပေါင်း ၃၀၂ ဦးကို ပို့ဆောင်ခဲ့ကြောင်း ရနောင်းအလုပ်သမား သံအရာရှိရုံး တာဝန်ရှိသူ ဦးရဲလင်းက ပြောသည်။

ထိုကြောင့် လက်ရှိတွင် အဆိုပါ နယ်စပ်ဂိတ် နှစ်ခုမှ MOU လုပ်သား စုစုပေါင်း ၂,၇၂၁ ဦးကို ထိုင်းအစိုးရက ခေါ်ခဲ့ကြောင်း သက်ဆိုင်ရာ သံ အရာရှိ ရုံးများထံမှ သိရသည်။

နှစ်နိုင်ငံ သဘောတူစာချုပ်ဖြင့် ခေါ်ယူခဲ့သည့် မြန်မာအလုပ်သမား အများစုမှာ ထိုင်းနိုင်ငံအတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်း၊ သစ်သီးစက်ရုံနှင့် ကြက်သားသတ် စက်ရုံတို့တွင် ခေါ်ယူစေလွှတ်ခဲ့ကြောင်း သိရသည်။

အခုလို တရားဝင် MOU စနစ်ဖြင့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများကို ခေါ်ယူ စေလွှတ်နေသော်လည်း တစ်ဖက်မှာ နယ်စပ်များကို ဖြတ်ကျော်ပြီး တရားမဝင် ဝင်ရောက်မှုကြောင့် မြန်မာနိုင်ငံသား ၁၅,၀၀၀ ကျော် နီးပါး ထိုင်းအချုပ်ခန်းများထဲတွင် ဖမ်းဆီးခံထားရကြောင်း မဲဆောက် အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

#mizzima

#MOU

#ထိုင်း မြန်မာနယ်စပ်ဂိတ်

#မြန်မာရွှေ့ပြောင်းအလုပ်သမား

#မဲဆောက်အခြေစိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly