ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၅၉၁) တပ်ရင်းကို ဗျိုင်းဖြူစစ်ဆင်ရေး ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်

By ကိုရွှေမြိတ်
31 May 2022
ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ (၅၉၁) တပ်ရင်းကို ဗျိုင်းဖြူစစ်ဆင်ရေး ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်

မွန်ပြည်နယ်၊ မေလ၊ ၃၁

မွန်ပြည်နယ် ၊ရေးမြို့နယ် အခြေစိုက် ကျောင်းရွာ ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့၏ (၅၉၁) တပ်ရင်းကို ယမန်နေ့ မေလ ၃၀ရက် နံနက် ၁၁ နာရီခွဲ အချိန်ခန့်တွင် မွန်ပြည်နယ် အခြေပြု တော်လှန်ရေး အဖွဲ့အစည်း MSRO က ပထမဆုံးအကြိမ် ဗျိုင်းဖြူစစ်ဆင်ရေး ဝေဟင်ဒရုန်းနှင့်ဗုံးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့ထံက သိရသည်။

MSRO က ရေးမြို့နယ် ( ၅၉၁ ) တပ်ရင်းအတွင်းရှိ အရာရှိရိပ်သာနှင့် လက်နက်တိုက်အား ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ တပ်အတွင်းရှိ စစ်ကောင်စီ တပ်သားများ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သည်ဟု MSRO အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

MSRO မှ တာဝန်ရှိသူ တစ်ဦးက“ဒီမစ်ရှင်ဟာ မွန်ပြည်နယ် တောင်ပိုင်းမှာ ပထမဦးဆုံး မစ်ရှင် ဖြစ်သလို စစ်ကောင်စီတပ်တွေကို ဝေဟင်ကနေ ပြန်လည် အစွယ်ပြတဲ့ သဘောလည်း ပါပါတယ် ။ မိုးမများခင် အချိန်ထိတော့ ဒရုန်းနဲ့ ထပ်ပြီး တပ်တွေကို ထပ်ချ သွားမှာပါ”ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ကျောင်းရွာ ကျေးရွာထဲသို့ ပြန်လည် ပတ်ခတ်မှု ပြုလုပ်ခဲ့ရာ ရပ်ကွက် (၄)ရှိ လူနေအိမ် တစ်လုံးကို ထိမှန်ခဲ့ပြီး ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင်လည်း ဖော်ပြထားသည်။

ယင်းတိုက်ခိုက်မှုသည် စစ်ကောင်စီဘက်က ထိခိုက်မှုများနိုင်ပြီး သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှုကိုမူ အတည်မပြုနိုင်သေးကြောင်း တာဝန်ရှိသူက ပြောသည်။

#Mizzima

#မွန်ပြည်နယ်

#ရေးမြို့နယ်

#MSRO

#စစ်ကောင်စီတပ်ဖွဲ့

#၅၉၁တပ်ရင်း

#ဒရုန်းဖြင့်ဗုံးပစ်ချတိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly