ထားဝယ်မြို့ အ.ထ.က(၃)ကျောင်းရှေ့ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား သုံးဘီးယာဉ်မောင်း မိုင်းစထိမှန်

By ကိုရွှေမြိတ်
29 May 2022
ထားဝယ်မြို့ အ.ထ.က(၃)ကျောင်းရှေ့ ဗုံးပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ပွား သုံးဘီးယာဉ်မောင်း မိုင်းစထိမှန်

ထားဝယ်၊ မေလ၊ ၂၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အာဇာနည်လမ်းပေါ်ရှိ အ.ထ.က ( ၃) ကျောင်း အရှေ့တွင် ယမန်နေ့က ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး နောက် သုံးဘီးယာဉ် မောင်းသူ တစ်ဦး ဝမ်းဗိုက်တွင် မိုင်းစ ထိမှန်ခဲ့ကြောင်း ယင်း မြို့ခံများထံမှ သိရ သည်။

အဆိုပါ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အ.ထ.က (၃) ကျောင်းတွင် စစ်ကောင်စီက ကျောင်းအပ်နှံရေး ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအပ် လက်ခံနေချိန် အတွင်းလည်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ထားဝယ်မြို့ခံ တစ်ဦးက“ပေါက်ကွဲမှု ကတော့ အသံ တော်တော်ကို ကြမ်းပါတယ်၊ လမ်းသွား လမ်းလာ သုံးဘီး ဆိုင်ကယ် မောင်းသူ တစ်ဦး ဝမ်းဗိုက်မှာ မိုင်းစ စင်တဲ့ ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်”ဟု ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် မွန်လွဲပိုင်း ၂ နာရီ အချိန်ခန့်တွင် ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် အခင်း ဖြစ်ပွားရာ နေရာသို့ စစ်ကောင်စီ တပ်သားများ ရောက်ရှိ လာပြီး နောက် အနီးနာရှိ မသင်္ကာသည့် ဒေသခံ တချို့လည်း ဖမ်းဆီးခံရမှု များလည်း ရှိနေကြောင်း သိရ သည်။

အဆိုပါ ဗုံးနှစ်ကြိမ် ပေါက်ကွဲမှုသည် Guerrilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့) မှ အဝေးထိန်း ဖောက်ခွဲရေး စနစ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်း ပေါက်ကွဲမှုကြောင့် သုံးဘီးယဥ်မောင်း အပြစ်မဲ့ ပြည်သူ တစ်ဦးသည် ပေါက်ကွဲ မှုနှင့် အနီးကပ် ဖြစ်သွား သောကြောင့် မရည်ရွယ်ဘဲ အသံမိုင်း ရော်ဘာ အခွံ အစ လွင့်စင်ကာ ထိခိုက် ဒဏ်ရာ ရခဲ့သည်ကို ကျွန်တော်တို့ Guerrilla Dawei (ထားဝယ်ပြောက်ကျားတပ်ဖွဲ့) မှာ စိတ်မကောင်း ဝမ်းနည်းစွာ ဖြစ်မိကြောင်း ထုတ်ပြန်ထားသည်။

အခုလို စစ်ကောင်စီက ယခုနှစ် ကျောင်းအပ်နှံရေး လှုပ်ရှားမှုတွင် တိုင်း အတွင်းရှိ ကျောင်း တချို့တွင် ဗုံးပေါက်ကွဲမှု မကြာခဏ ဖြစ်ပွားနေသော်လည်း ယခုနှစ်မှာမူ ကျောင်းသား မိ/ဘများ အနေဖြင့် ကျောင်းစာများနှင့် အလှမ်းဝေး နေသည့် အတွက် ယခင်နှစ်တွေထက် ကျောင်းအပ်နှံသူ များလာကြောင်း ကျောင်းသားမိဘများထံမှ သိရ သည်။

“ဒီနှစ်တက်မှာ ကလေးက ခြောက်တန်းပဲ ရှိသေးတယ် မထားလည်း မထားချင်ဘူး ကလေးတွေလည်း စာနဲ့ ဝေးနေကြပြီ ကျောင်းတော့ အပ်လိုက်တယ် အခြေနေ ကြည့်ပြီး ကျောင်းပို့ရမှာပဲ အခြေနေ မကောင်းရင်တော့ မပို့ဘူးပေါ့”လို့ မြိတ်မြို့ရှိ ကျောင်းသား ဖခင်တစ်ဦးက ပြောသည်။

အလားတူ ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြိတ်မြို့တွင် အထက်တန်းကျောင်း တစ်ကျောင်းတွင် သုံးရက်ဆက်တိုက် ပေါက်ကွဲမှု သုံးကြိမ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

#တနင်္သာရီတိုင်း

#ထားဝယ်ခရိုင်

#ထားဝယ်မြို့

#အ.ထ.က(၃)ကျောင်းရှေ့

#ဗုံးပေါက်ကွဲမှုဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly