မတူပီ၌ စစ်ကောင်စီဖွင့်လှစ်မည့်ကျောင်းများတွင်အပ်နှံသူများကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်မည်

မတူပီ၌ စစ်ကောင်စီဖွင့်လှစ်မည့်ကျောင်းများတွင်အပ်နှံသူများကို ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်မည်

မေ ၂၉

ချင်းပြည်နယ် မတူပီမြို့နယ်၌ စစ်ကောင်စီဖွင့်လှစ်မည့်ကျောင်းများတွင်အပ်နှံမည့် ကျောင်းသူကျောင်း သားများကို ပြည်သူများ၏ သစ္စာဖောက်အဖြစ် မှတ်ယူမည်ဖြစ်ကြောင်း မတူပီပညာရေးဘုတ်အဖွဲ့ (Matupi Education Board) က မေလ ၂၆ ရက်နေ့တွင် ကြေညာသည်။

“စစ်ကျွန်ပညာရေးလက်အောက်မှာ စစ်ကောင်စီထောက်တိုင်က Non CDM ပညာရေးဝန်ထမ်းတွေပဲ။ အဲဒီ Non CDM ရဲ့ ထပ်ဆင့်ထောက်တိုင်က Non CDM ကျောင်းသားတွေပဲ။ ခပ်ရှင်းရှင်းပြောရရင် လူသတ်နေတဲ့ သူတွေကို အားပေးနေတာ” ဟု Matupi Education Board တွဲဖက် အတွင်းရေးမှူးက မဇ္စျိမကို ပြောသည်။

မတူပီမြို့နယ် CDM ပညာရေးဝန်ထမ်းများသည် နိုင်ငံနှင့်လူမျိုး သားသမီးများ၏အကျိုးရှေ့ရှုလျက် စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် အုတ်တချပ်သဲတစ်ပွင့်အဖြစ် စားဝတ်နေရေး ကြပ်တည်းစွာရုန်းကန် ရင်း ပါဝင်လျက်ရှိသည်ဟုဆိုသည်။ ၎င်းတို့သည် အမိတိုင်းပြည်၏ တရားခံမဖြစ်လိုသော မွန်မြတ်သည့် စိတ်ထားဖြင့် ဘဝကိုခက်ခဲစွာ ရပ်တည်နေကြသော်လည်း မတူပီမှ မိဘပြည်သူအချို့သည် အသက်ပေး တိုက်ပွဲဝင် နေသော CDF – Matupi သူရဲကောင်းများနှင့် CDM ပညာရေး ဝန်ထမ်းများ၏ စွန့်လွှတ်မှုကို လျစ်လျူရှုကာ စစ်ကောင်စီဖွင့်လှစ်မည့်ကျောင်းများတွင် အပ်နှံရန်ပြင်ဆင်နေကြောင်း ကြားသိရသော ကြောင့် ဝမ်းနည်းရကြောင်း ဖော်ပြသည်။

ထို့အပြင် စစ်ကျွန် ပညာရေးကို အားပေးကြမည့် မိဘများ၏ စိတ်ဓါတ်အတွက် အံ့ဩတုန်လှုပ်မိကြောင်း လည်း ဆိုထားသည်။ Matupi Education Board အနေနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီ ICNCC နှင့် ပညာရေး ကိစ္စများ တိုင်ပင် နှီးနှောလျက် ရှိပြီး သင်ရိုးညွှန်တမ်း အတွက် အသေးစိတ် ရေးဆွဲရန် ပြင်ဆင်လျက်ရှိသည်။ ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG က CDM ကျောင်းသူ ကျောင်းသားများ ပညာရေးအလှမ်းမဝေးစေရန် ကြားကာလပညာရေးကို အကောင်အထည်ဖော် ဆောင် ရွက်မှုနှင့် ချိတ်ဆက် လုပ်ကိုင်သွားမည်ဟုဆိုသည်။

မတူပီမြို့နယ်အနေဖြင့် အဓိကဘာသာရပ်အဖြစ် မြန်မာ ၊ အင်္ဂလိပ် ၊ သင်္ချာ နှင့် တိုင်းရင်းသား ဘာသာကို သင်ကြားရန်ရည်ရွယ်ထားပြီး ကျန်ဘာသာရပ်များကို လုံခြုံရေးအရနှင့် ဆရာ၊ ဆရာမ အင်အားပေါ် မူတည်ပြီး တိုးချဲ့သင်ကြားမည်ဖြစ်သည်။ မတူပီမြို့ပေါ်တွင် ဖွင့်လှစ်မည့်ကျောင်းများတွင် ကျောင်းအပ် နှံခြင်း၊ ပူးပေါင်းပါဝင်ခြင်းမပြုကြရန်နှင့် CDM ကျောင်းသူကျောင်းသားများအဖြစ် ပြည်သူများနှင့်ရပ်တည် ပေးကြပါရန် အသိပေးမေတ္တာ ရပ်ခံထားသည်။

စစ်ကောင်စီကဖွင့်လှစ်သောကျောင်းများတွင် တက်ရောက်ခဲ့ပါက နောင်ပြည်သူ့အစိုးရတက်လာသည့် အချိန်တွင် လုံးဝ (လုံးဝ) အသိအမှတ် ပြုမည် မဟုတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ မေလ ၂၇ ရက် နေ့က စစ်ကောင်စီတပ်သည် မတူပီမြို့ပေါ်ရှိ အထကကျောင်း နှစ်ကျောင်းတွင် ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနား ကျင်းပခဲ့ ပြီး ကျောင်းတွင် လိုအပ်သည့် ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြောင်း ဒေသတွင်း သတင်း ရင်းမြစ်များထံမဗသိရသည်။

#Mizzima

#MatupiEducationBoard

#စစ်ကောင်စီကျောင်း

#ကြားကာလပညာရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly