အရာတော်မြို့နယ် လဝကရုံးနှင့် စစ်ကောင်စီတပ်ဂိတ်အား ပြောက်ကျားတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

By ဝေယံမိုး 
29 May 2022
အရာတော်မြို့နယ် လဝကရုံးနှင့် စစ်ကောင်စီတပ်ဂိတ်အား ပြောက်ကျားတပ်ဖွဲ့များ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် လူဝင်မှု ကြီးကြပ်ရေးရုံး အနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် ဂိတ်အား ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

မေလ ၂၇ ရက် မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ရှိသည့် ထိုဂိတ်စခန်းအား ၈၀ မမ နှစ်လုံး ၆၀ မမ တစ်လုံးဖြင့် ပစ်ခတ် တ်ိုက်ခိုက်ခြင်းဖြစ်သည်။ 

“ပစ်လိုက်တဲ့ အသီးတွေတော့ သူတို့ တပ်စွဲထားတဲ့နေရာနဲ့ လဝက အဆောက်အအုံပေါ်ကို ကျတယ်လို့ သတင်းသိရတယ် အထိအခိုက်ရှိ မရှိတော့ ပြန်မသိရဘူးဗျ” ဟုတိုက်ခိုက်မှုတွင် ပါဝင်သည့် သပြေညိုပြောက်ကျားတပ် ပြန်ကြားရေး တာဝန်ခံကပြောသည်။

သပြေညိုပြောက်ကျားတပ်ဖွဲ့မှ ထုတ်ပြန်သည့် စစ်ဆင်‌ရေးရုပ်သံတွင် ပြောက်ကျားတပ်ဖွဲ့ဝင်များ တောလမ်း တစ်နေရာမှ လက်လုပ် လက်နက်ကြီးဖြင့် တစ်ချက်ပြီး တစ်ချက် ဆက်တိုက် ပစ်ခတ်နေသည်ကို တွေ့ရသည်။

ထိုသို့ ပစ်ခတ်အပြီး မိနစ် ၂၀ ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အရာတော်မြို့နယ် ကမ္ဘောဇရပ်ကွက်သို့ ဝင်ရောက်ရှာဖွေမှုများ ရှိခဲ့ကြောင်း သိရသည်။ 

ထိုသို့ တိုက်ခိုက်မှုသည် “ပြည်သူ့နှင့်အတူ မရပ်တည်‌ဘဲ စစ်ဖိနပ်လျှက်ချင်သော လောက်ကောင်များအတွက် သင်ခန်းစာဖြစ်သည်” ဟု သပြေညိုပြောက်ကျားတပ်ဖွဲ့က အသိပေးထားသည်။

တိုက်ခိုက်မှုအား မုံရွာခရိုင်တပ်ရင်း (၄) – Chindwin Attack Force တပ်ခွဲ(၁) သပြေညိုပြောက်ကျားတပ်ဖွဲ့၊   တပ်ခွဲ (၃) Ayardaw Falcon Force(AF2)၊ Ayardaw Bone Naing -PDF (A.B.N.PDF) ၊ ပတ္တမြားညီနောင်ပြောက်ကျား တပ်ဖွဲ့ တို့ ပူးပေါင်း လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းသည် အရာတော်မြို့နယ် မြောက်ခြမ်း စက်ရွာ၊ ထန်းတပင်ရွာအပါအဝင် ရွာပေါင်း ခြောက်ရွာခန့်အား စစ်ကြောင်းထိုးကာ မီးတင်ရှို့နေကြောင်း သိရသည်။

လက်နက်ကြီးများ ပစ်ခတ်စစ်ကြောင်းထိုးနေသည့် အတွက် ဒေသခံတော်လှန်ရေးတပ်ဖွဲ့များ အနားကပ်မရ ဖြစ်ကာ ထိတွေ့ တိုက်ပွဲ မရှိသေးကြောင်း သိရသည်။
#အရာတော်မြို့နယ်
#လဝက
#Chindwin Attack Force
#သပြေညိုပြောက်ကျားတပ်ဖွဲ့
#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly