တောင်ကိုရီးယားသမ္မတသစ်က တရုတ်သွင်းကုန်များအပေါ် မှီခိုအားထားမှု လျှော့ချမည်

27 May 2022
တောင်ကိုရီးယားသမ္မတသစ်က တရုတ်သွင်းကုန်များအပေါ် မှီခိုအားထားမှု လျှော့ချမည်

အသစ်ရွေးချယ်ခံရသော သမ္မတ ယွန်ဆက်ခ်ရို၏ ဦးဆောင်မှုအောက်တွင် တောင်ကိုရီးယားသည် နိုင်ငံ၏ သွင်းကုန်များ ကွဲပြားစေရန်၊ တရုတ်အပေါ် မှီခိုအားထားမှုကို လျှော့ချရန်နှင့် အင်ဒို-ပစိဖိတ်ဒေသရှိ စီးပွားရေး အများအပြားနှင့် ပိုမိုနီးကပ်သော ဆက်ဆံရေးကို ထူထောင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

လက်ရှိတွင် တရုတ်သည် တောင်ကိုရီးယား၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး ၂၀၂၁ခုနှစ်က ကုန်သွယ်မှု စုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းရှိသည်။

ယင်းနောက်တွင် အမေရိကန်က ကုန်သွယ်မှုအချိုး ၁၅ ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်ကြောင်း မလေးရှား အခြေစိုက် သတင်း The Star က ဖော်ပြခဲ့သည်။

ယွန်၏ ကွန်ဆာဗေးတစ်အစိုးရအဖွဲ့အသစ်သည် ယင်း၏ နိုင်ငံခြားရေး မူဝါဒနှင့် ပတ်သက်၍ တရုတ်ကို တင်းတင်းမာမာဆက်ဆံမည်ဟု ရှုမြင်ကြကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။

မေ ၁၉ရက်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ သမ္မတ၏ အဆင့်မြင့်လက်ထောက်အရာရှိတစ်ဦးက 'ကျွန်တော်တို့ သွင်းကုန်တွေ နိုင်ငံစုံက တင်သွင်းရန် လိုအပ်ပြီး ထောက်ပံ့ရေးကွင်းဆက် မဟာမိတ်တွေ လိုအပ်ပါတယ်' ဟု တောင်ကိုရီးယား မီဒီယာက ကိုးကားဖော်ပြခဲ့သည်။

ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်ပွားပြီးနောက် နိုင်ငံတိုင်းသည် မရှိမဖြစ်လိုအပ်သော ကုန်ပစ္စည်းများနှင့် အရေးကြီး သောပစ္စည်းများအတွက် ယင်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များကို လုံခြုံစေရန် ယခုအချိန်တွင် ရုန်းကန် နေရသည်။

အချက်အလက်များအရ တောင်ကိုရီးယားသည် လက်ရှိတွင် တရုတ်မှ သွင်းကုန်အများအပြားကို မှီခိုနေရသည်။ ကိုရီးယားနိုင်ငံတကာကုန်သွယ်မှုအသင်း၏ အချက်အလက်များအရ ၂၀၂၁ခုနှစ် ပထမ ၃လပတ်တွင် တောင်ကိုရီးယားမှ တင်သွင်းသည့် ကုန်ပစ္စည်း ၁၂၅၈၆ မျိုးအနက် ၃၉၄၁ သည် နိုင်ငံတစ်ခုအပေါ် မှီခိုမှု အနည်းဆုံး ၈၀ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြခဲ့သည်။

ကုန်ပစ္စည်း ၁၈၅၀ သို့မဟုတ် တစ်ဝက်နီးပါးသည် တရုတ်အပေါ် အနည်းဆုံး ၈၀ ရာခိုင်နှုန်းကို မှီခိုနေရကြောင်း မီဒီယာပေါ်တယ်က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly