ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ ရုရှားခရီးစဉ်အပေါ် ကာကွယ်ပြောဆို

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ ရုရှားခရီးစဉ်အပေါ် ကာကွယ်ပြောဆို

ပါကစ္စတန်နိုင်ငံ၏ မကြာသေးခင်ကမှ အသစ်ခန့်အပ်ခံထားရသော နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ် ဘူတို ဇာဒါရီသည် မေ ၁၉ ရက်က ကုလသမဂ္ဂဌာနချုပ်၌ ပြုလုပ်သော သတင်းမီဒီယာ ရှင်းလင်းပွဲတစ်ခုအတွင်း ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်း၏ ရုရှားခရီးစဉ်နှင့်ပတ်သက်ပြီး ကာကွယ်ပြောဆိုသွားခဲ့သည်။

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန် ခန်းသည် ၎င်း ရုရှားနိုင်ငံ၏ မြို့တော် မော်စကိုသို့ ရောက်ရှိသွားခဲ့သည့် နေ့မှာပင် ရုရှားတို့ ယူကရိန်းကို ကျူးကျော်လိမ့်မည်ဟု တင်ကြိုသိရှိခဲ့ခြင်း မရှိကြောင်း ဘီလာဝဲလ်က ပြောသည်။

“ဝန်ကြီးချုပ်ဟောင်းရဲ့ ရုရှား ခရီးစဉ်နဲ့ပတ်သက်လို့ကတော့ ကျွန်တော်ကတော့ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းဘက်ကနေ အပြည့်အဝ ကာကွယ်ပြောဆိုသွားမှာ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒရဲ့ တစိတ်တဒေသအနေနဲ့ အဲဒီခရီးစဉ်ကို သွားရောက်ခဲ့တာပါ။ သူ သွားတဲ့ နေ့မှာ အဲဒီလို ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ဖြစ်လိမ့်မယ်လို့ သူ ကြိုမသိခဲ့ပါဘူး။ စိတ်တန်ခိုးတို့၊ အကြားအမြင် မနောဓာတ်တို့ ဘယ်သူ့မှာမှ ရှိမနေပါဘူး။ လက်ရှိ ပဋိပက္ခ (ယူကရိန်းစစ်ပွဲ) ဘယ်အချိန်မှာ စဖြစ်မလဲ ဆိုတာကို ကျွန်တော်တို့ သိခဲ့နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး” ဟု ဘီလာဝဲလ် ဘူတို ဇာဒါရီ၏ ပြောကြားချက်ကို Dawn သတင်းစာက ဖော်ပြသည်။

“ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ သူ (အီမရန် ခန်း) ဟာ နိုင်ငံခြားရေးမူဝါဒအရ သူလုပ်ခဲ့တာပါ။ အထူးသဖြင့် ဒီ ရုရှားခရီးစဉ်နဲ့ပတ်သက်လို့ပေါ့။ သူဟာ သူ အဲဒီကို (မော်စကို) ရောက်သွားတဲ့ နေ့မှာပဲ ယူကရိန်း ပဋိပက္ခ စမယ် ဆိုပြီး သူ မသိခဲ့ဘူးဆိုတာကိုတော့ ကျွန်တော်ကာကွယ်ပြောဆိုရပါလိမ့်မယ်” ဟု ဘီလာဝဲလ်က ဖြုတ်ချခံ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ခန်းဘက်ကနေ ကာကွယ်ပြောဆိုခဲ့သည်။ 

ပါကစ္စတန်အနေဖြင့် မည်သည့် ပဋိပက္ခတွင်မှ ပါဝင်ပတ်သက်ခြင်း မရှိခဲ့သလို ပါဝင်ပတ်သက်ရန်လည်း ဆန္ဒမရှိကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးက အလေးပေး ပြောသည်။

“တကယ်ဆိုရင် ကျွန်တော်တို့ကတော့ ငြိမ်းချမ်းရေးရဲ့ အရေးကြီးမှုကိုပဲ ဆက်လက် အလေးထား သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး ဘီလာဝဲလ်သည် ပြီးခဲ့သည့် မေ ၁၇ ရက်က အမေရိကန်နိုင်ငံသို့ ခရီးစဉ် သွားရောက်ခဲ့ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် တွေ့ဆုံကာ ပါကစ္စတန်၏ လက်ရှိ စားနပ်ရိက္ခာ၊ ရေ နှင့် စွမ်းအင် ရှားပါးမှု ကိစ္စရပ်များကို ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly