မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာ ၂ နေရာကို လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

26 May 2022
မုံရွာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာ ၂ နေရာကို လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာ နှစ်နေရာကို လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း South Monywa PDF ထံက သိရသည်။

မုံရွာမြို့ အေးရိပ်သာလမ်းပေါ် စက်မှုဇုန်စာသင်ကျောင်းရှိ ဘန်ကာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဆည်မြောင်းရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“မေလ ၂၅ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်က အေးရိပ်သာလမ်းပေါ်မှာရှိတဲ့ စက်မှုဇုန်စာသင်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနေရာကို လက်လုပ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဘန်ကာထဲမှာ စုထိုင်နေတဲ့ အချိန်တိုက်ခိုက်ခဲ့တာဆိုတော့ အထိအခိုက်ရှိနိုင်ပါတယ်။ မွန်းလွဲ ၃နာရီခွဲလောက်မှာတော့ ဆည်မြောင်းရုံးထဲမှာရှိတဲ့ စစ်ကောင်စီဘန်ကာကို လက်လုပ်ဗုံး နှစ်လုံးနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်” ဟု South Monywa PDF တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နေရာနှစ်နေရာကို လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာတွင် ၎င်းတို့ ရှိနေသည့် ဘန်ကာအနီးထိ ကျရောက် ပေါက်ကွဲမှုများ ရှိခဲ့ပြီး အထိအခိုက် အကျအဆုံးစာရင်းကိုမူ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရမ်းသန်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ပြီး လမ်းမအပြင်ဘက်အထိ လိုက်လံပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ရဲဘော်များမှာ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း South Monywa PDF တာဝန်ရှိသူက ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံခဲ့ရသည့် စက်မှုဇုန်စာသင်ကျောင်းနှင့် ဆည်မြောင်းရုံးတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်မှာ လအတန်ကြာပြီဖြစ်ကာ တစ်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့် ရှိကြောင်း ဒေသခံများထံက သိရသည်။

“လက်နက်ခဲယမ်းပိုင်းမှာလည်း အခက်အခဲတွေ ရှိနေဆဲပါ။ ရန်ပုံငွေကလည်း မလုံလောက် လက်နက်ပစ္စည်းကလည်း ကောင်းကောင်းမရှိတော့ လက်လုပ် လေးတွေနဲ့ပဲ mission လုပ်နေရတာ အန္တရာယ်တော့ များတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ mission များများနဲ့ အန္တရာယ်ကင်းကင်း လုပ်ဆောင်နိုင်အောင် ဆက်လက် ကြိုးစားနေကြပါတယ်။ ပြည်သူများကလည်း တတ်နိုင်တဲ့ ဘက်ကနေ ဆက်လက်ကူညီထောက်ပံ့ပေးစေချင်ပါတယ်” ဟု South Monywa PDF တာဝန်ခံက ပြောသည်။

စစ်ကောင်စီသည် မုံရွာမြို့တွင် အင်အားတင်းကျပ်စွာချထားပြီး အိမ်စီးကားများ အရပ်ဝတ်များဖြင့် မြို့အတွင်းလှည့်လည်၍ ကြုံသည့်နေရာတွင် ရပ်တန့် စစ်ဆေးမှု များပြုလုပ်ခြင်းနှင့် အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးနင်းမှုများ မြင်တွေ့ပါက ကားဖြင့် လိုက်လံ၍ ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။

#Mizzima

#မုံရွာ

#စစ်ကောင်စီတပ်

#လက်လုပ်ဗုံးများ

#ပစ်ခတ်တိုက်ခိုက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly