တစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေသည့် တိဗက်စာရေးဆရာကို အကျဉ်းထောင်၌ ထိန်းသိမ်းထား

By Tibet Rights Collective
26 May 2022
တစ်နှစ်ကျော်ကြာ ပျောက်ဆုံးနေသည့် တိဗက်စာရေးဆရာကို အကျဉ်းထောင်၌ ထိန်းသိမ်းထား

တိဗက်စာရေးဆရာနှင့်ကဗျာဆရာဖြစ်သူ ဂန်ဒန်လန်ဒရပ်သည် ၂၀၂၀ ခုနှစ်က ဖမ်းဆီးခံရပြီးနောက် အဆက် အသွယ်ပြတ်သွားခဲ့ကာ ရှင်ကျန်းရှိ အကျဉ်းထောင်တစ်ခုတွင် ထိန်းသိမ်းခံထားရကြောင်း ယင်းကိစ္စနှင့်နီးစပ်သည့် တိဗက်များက ပြောသည်။

မာလ်ဟိုတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စု ရက်ဂေါင်ကောင်တီရှိ ရောင်ဝိုဘုန်းကြီးကျောင်းမှ အသက် ၄၇ နှစ်ဝန်းကျင်အရွယ် လန်ဒရပ်သည် ထိန်းသိမ်းမခံရမီက နိုင်ငံရေးသဘောထားကွဲလွဲမှုများကြောင့် အာဏာပိုင်များ၏ စောင့်ကြည့်မှုကို ခံခဲ့ရသည်ဟု အဝေးရောက်တိဗက်တစ်ဦးက RFA သို့ ပြောခဲ့သည်။

လန်ဒရပ်သည် ရက်ဂေါင်၌ ဘာသာရေးဟောပြောပွဲသို့ သွားတက်စဉ် တရုတ်နိုင်ငံ အနောက်ပိုင်း ချင်းဟိုင်ပြည်နယ်၌ ၂၀၂၀ ခနှစ် ဒီဇင်ဘာ ၂ ရက်က အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရသည်။

လန်ဒရပ်သည် နိုင်ငံရေးဆိုင်ရာ ပြန်လည်ပညာပေးရေးစခန်းတွင် ရှိနေသည်ဟု သိရပြီး တိဗက်ဗုဒ္ဓ ဘာသာစာများကို မန်ဒရင်းဘာသာသို့ ပြန်ပေးနေရခြင်းဖြစ်နိုင်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

တရုတ်အာဏာပိုင်များသည် ရုံးတင်စစ်ဆေးမှုကို မကြာခင်ပြုလုပ်မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာက လန်ဒရပ်မိသားစုထံ ဖုန်းဖြင့်အကြောင်းကြားခဲ့သော်လည်း ထိုစဉ်ကတည်းက သတင်းအစအနမရတော့ကြောင်း တိဗက်လူမျိုးတစ်ဦးက ပြောသည်။

တရုတ်အာဏာပိုင်များသည် တိဗက်အမျိုးသားရေးလက္ခဏာနှင့် ယဉ်ကျေးမှုကို မြှင့်တင်သည့် တိဗက် စာရေးဆရာများနှင့် အနုပညာရှင်များကို မကြာခဏ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အများအပြားကို နှစ်ရှည် ထောင်ဒဏ်များချမှတ်ခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံတစ်ဝန်း၌ ဘာသာရေးကို တရုတ်လက္ခဏာအသွင်ပြောင်းသည့် လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဘုန်းကြီးများနှင့်သီလရှင်များအား မိခင်ဘာသာစကားအစား တရုတ်ဘာသာဖြင့် အချင်းချင်း သင်ယူပြောဆိုကြရမည်ဟု ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly