တရုတ်ခရီးစဉ်သည် ကုလလူ့အခွင့်အရေးအကြီးအကဲ၏ ယုံကြည်စိတ်ချရမှုအပေါ် အကဲဖြတ်ရမည့်အချိန်သို့ ရောက်ရှိနေ

တရုတ်ခရီးစဉ်သည် ကုလလူ့အခွင့်အရေးအကြီးအကဲ၏ ယုံကြည်စိတ်ချရမှုအပေါ် အကဲဖြတ်ရမည့်အချိန်သို့ ရောက်ရှိနေ

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ရှင်ကျန်းအပါအဝင်ဖြစ်သော တရုတ်ခရီးစဉ်သည် အခွင့်အရေးချိုးဖောက်ခံရသူများအတွက် တရားမျှတမှုနှင့် တာဝန်ရှိသူများအတွက် တာဝန်ခံမှုလိုအပ်ကြောင်း အလေးထားဖော်ပြသင့်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ၏ တရုတ်ခရီးစဉ်မတိုင်မီ ပြောကြား လိုက်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မီချဲလ်ဘက်ချလက်သည် မေလအကုန်တွင် တရုတ်သို့ သွားရောက်ရန် စီစဉ်ထားပြီး ၂၀၀၅ ခုနှစ်နောက်ပိုင်း ကုလလူ့အခွင့်အရေးမဟာမင်းကြီးအနေဖြင့် တရုတ်သို့ သွားရောက်သည့် ပထမဆုံးခရီးစဉ်ဖြစ်သည်။

တရုတ်အစိုးရသည် ရှင်ကျန်းရှိ ဝီဂါများနှင့်တခြား တာကစ်လူမျိုးစုများအပေါ် အစုလိုက်အပြုံလိုက် ထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာဖိစီးနှိပ်စက်ခြင်း နှင့်တခြားပြစ်မှုများစသည့် ကျယ်ကျယ်ပြန့်ပြန့်နှင့်စနစ်တကျရှိသော မူဝါဒများကို ကျူးလွန်နေခြင်းသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကျူးလွန်ရာရောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့အများအပြားက ပြောဆိုကြသည်။

ဘက်ချ်လက်အား အစီရင်ခံစာ မနှောင့်နှေးစေရေးနှင့် တွေ့ရှိချက်များကို အားပျော့မသွားစေရေး တွန်းအား ပေးနေရသော်လည်း တရုတ်အစိုးရက ခရီးစဉ်ကို လူထုဆက်ဆံရေးအကြံအဖန်အဖြစ် အသုံးချမည်ကို အဖွဲ့အစည်းများစွာက စိုးရိမ်လျက်ရှိသည်။

လူသားမျိုးနွယ်အပေါ်ကျူးလွန်သောရာဇဝတ်မှုအတွက် အင်အားကြီးသောနိုင်ငံအား တာဝန်ယူမှုစေမည့် ဘက်ချ်လက်၏စိတ်ဆန္ဒက မဟာမင်းကြီးအဖြစ် သူမ၏အရည်အချင်းကို အကဲဖြတ်လိမ့်မည်ဟု HRW မှ တရုတ်အရေးဆိုင်ရာ ဒါရိုက်တာ ဆိုဖီရစ်ချက်ဆင်က ပြောသည်။

မဟာမင်းကြီးဘက်ချ်လက်က လွတ်လပ်သော အကဲဖြတ်မှုလုပ်ဆောင်ရန် ရှင်ကျန်းသို့ အနှောင်အဖွဲ့မရှိ ဝင်ခွင့်ရရန် လိုအပ်ကြောင်း ယခင်က ပြောဆိုခဲ့သော်လည်း ခရီးစဉ်နှင့်ပတ်သက်သော သတ်မှတ်ချက်များကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

နယူးယောက်အခြေစိုက် HRW နှင့် အခြား လူ့အခွင့်အရေးအဖွဲ့ ၅၉ ဖွဲ့က ခရီးစဉ်အား တရုတ်အစိုးရက ကြိုးကိုင်ခြင်းမှ တားဆီးနိုင်ရေး အဆင့်များစွာလုပ်ဆောင်ရန် မီချဲလ်ဘက်ချ်လက်အား အစောပိုင်းက တိုက်တွန်းခဲ့သည်။ ဘက်ချ်လက်အဖွဲ့အား အတားအဆီးမရှိ ဝင်ရောက်ခွင့်ပေးမည့်ကိစ္စကိုလည်း သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required