ရေစကြိုမြို့နယ်တွင် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၇ ဦး ပစ်ခတ်ခံရ၊ ၃ ဦးသေဆုံး

24 May 2022
ရေစကြိုမြို့နယ်တွင် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီလက်အောက်ခံ ရဲ ၇ ဦး ပစ်ခတ်ခံရ၊ ၃ ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စျေးဝယ်ထွက်လာသည့် စစ်ကောင်စီတပ်လက်အောက်ခံ ရဲခုနစ်ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သုံးဦးသေဆုံးကြောင်း Bagan -Nayung Oo PDF က သတင်းထုတ်ပြန်သည်။

ရေစကြိုမြို့နယ် မြေတော်ကျေးရွာအနီးရှိ မြေတော်ရဲစခန်း ပတ်ဝန်းကျင်ကို စျေးဝယ်ထွက်လာသည့် ရဲများကို ယမန်နေ့ မေလ ၂၃ ရက် နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်တွင် ဒေသကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့၏ ပစ်ခတ်တိုက်ခိုက်မှုတွင် ရဲသုံးဦး သေဆုံးပြီး နှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် G3 သေနတ် နှစ်လက်၊ G3 ကျည် အတောင့် ၃၅ တောင့်၊ လက်ပစ်ဗုံး တစ်လုံးနှင့် ဖုန်း နှစ်လုံးအပြင် ငွေသုံးသောင်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့များက ၄င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများတွင် ဗီဒီယိုဖိုင်ဖြင့် ဖော်ပြထားသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ တိုက်ခိုက်မှုနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အထိအခိုက်အသေအဆုံးစာရင်းများနှင့် ပတ်သက်ပြီး မဇ္စျိမအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါ တိုက်ခိုက်မှုကို Bagan-Nyaung Oo PDF၊ MGN-Tiger၊ YSO.I S A(ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်)နှင့် Black Wolf PDF -Mdyမဟာမိတ်ညီနောင်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#Mizzima

#မကွေးတိုင်း

#ရေစကြိုမြို့နယ်

#ရဲတပ်ဖွဲ့

#ပစ်ခတ်ခံရ

#Bagan -Nayung Oo PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly