ကနီမြို့နယ် မိုးကောင်းရွာအနီး တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ် အရာရှိ အပါအဝင် ၄ ဦးသေဆုံး

24 May 2022
ကနီမြို့နယ် မိုးကောင်းရွာအနီး တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ် အရာရှိ အပါအဝင် ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် မိုးကောင်းရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ အရာရှိတစ်ဦး အပါအဝင် လေးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရသွားကြောင်း Chindwin Attack Force က မေလ ၂၃ ရက်တွင် ထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၆နာရီခန့်က အင်အား ၁၀၀ ခန့်ရှိ စစ်ကောင်စီတပ်အား ဒေသ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အရာရှိ သေဆုံးပြီးနောက် နေ့လယ် ၂ နာရီ ၃၀ မိနစ်တွင် မိုးကောင်းရွာအတွင်းရှိ လူနေအိမ် ၂၀ ကျော်အား မီးရှို့ပြီး စစ်ကောင်စီတပ်များ ဆုတ်ခွာသွားကြောင်း ဆိုသည်။

“သူတို့က ဘုန်းကြီးကျောင်းမှာ ညက တပ်စွဲပြီး အိပ်တယ်၊ မနက် စစ်ကြောင်း ထွက်လာတော့ မိုင်းခွဲ တိုက်တာ၊ သူတို့က ဘုန်းကြီးကျောင်းဘက်က ဆုတ်ခံတယ်၊ နောက်ဆုံး သူတို့ အရာရှိ ကျသွားတော့ လူနေအိမ်တွေမီးရှို့ပြီး ဆုတ်သွားတယ်” ဟု အမိမြေ တော်လှန်ရေးတပ်ဖွဲ့ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ရဲဘော်မင်းကို က မဇ္ဈိမ ကိုပြောသည်။

ယင်းတိုက်ပွဲအား မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၁)၊ မုံရွာခရိုင် တပ်ရင်း (၃) တပ်ခွဲ (၁)၊ မုံရွာခရိုင် တပ်ရင်း (၄) ၊ ယင်းမာပင်ခရိုင် တပ်ရင်း (၂) ၊ ယင်းမာပင်ခရိုင်တပ်ရင်း (၃) ၊ Yoma Fighter PDF – Yinmarbin ၊ GYZ တပ်ဖွဲ့ ၊ ဆားလင်းကြီး PDF များ ပူးပေါင်း၍ မိုင်းဆွဲခြင်း လက်နက်ကြီး ငယ်တို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ဘက်မှ အထိအခိုက်မရှိကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် မိုးကောင်းရွာမှ တစ်ဆင့် ယင်းမာပင်မြို့နယ် တရော်ကျင်းကျေးရွာသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့တွင် စစ်ကိုင်းတိုင်းရှိ မြို့နယ် အချို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းပြတ်တောက်ခဲ့ ပြီးနောက် နေ့လယ် ၁၂ နာရီ ၃၀ မိနစ်တွင် လိုင်းပြန်ရကြောင်း နယ်မြေ အတွင်းရှိ သတင်းအရင်းမြစ်များထံမှ သိရသည်။

#Mizzima

#ကနီမြို့နယ်

#မိုးကောင်းရွာ

#Chindwin Attack Force

#တရော်ကျင်းကျေးရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly