ပခုက္ကူမြို့နယ်၌ မိုင်းထိ၍ စစ်ကောင်စီတပ်သား အများအပြား သေဆုံး

24 May 2022
ပခုက္ကူမြို့နယ်၌ မိုင်းထိ၍ စစ်ကောင်စီတပ်သား အများအပြား သေဆုံး

မကွေးတိုင်း ၊ ပခုက္ကူ မြို့နယ်၌ မိုင်းမိ၍ စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးခဲ့သည်ဟု ကျွန်းချောင်း - မြစ်ခြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MC - KCDF က ယမန်နေ့ မေလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ကံကြီးစုရွာ ထိပ်၌ မိုင်းခွဲ တိုက်ခိုက်ခဲ့မှုတွင် ၁၃ ဦး သေဆုံးပြီး တန့်ကြည့်တောင် လမ်းပိုင်းတစ် နေရာ၌ ချုံခိုတိုက်ခိုက်မှုတွင် နှစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ မိုင်းတွေကို သူတို့က ရှာတွေ့သွားပြီး ကားပေါ် တင်သွားတယ်ဗျ။ လမ်းရောက် မှ ကျွန်တော်တို့က ခွဲလိုက်တာ။ ကားပေါ်ပါတဲ့ ခွေးတွေ အကုန် မသာ ဖြစ်ကုန်တယ်” ဟု MC-KC DF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ G -3 က မဇ္စျိမကို ပြောသည်။

ယမန်နေ့ နေ့လယ် ၁ နာရီ ခန့်တွင် ပြည်သူများ၏ သတင်းပေးချက်အရ ရဲနှင့် ပျူစောထီးများ ကံကြီးစုရွာတွင် လုယက်ပြီး ပြန်လာကြောင်း သိရသည့် အတွက် မြစ်ခြေ - ကျွန်းချောင်း လမ်းပိုင်း တစ်နေရာ၌ မိုင်းခွဲတိုက်ခိုက်ရန် အသင့် ပြင်ဆင်ထားခဲ့သည်ဟု ဆိုသည်။

ကာကွယ်ရေး တပ်ဖွဲ့များ ထောင်ထားသော မိုင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တွေ့ရှိသွားပြီး ပျူစောထီးနှင့် ရဲ ၁၃ ဦး စီးနင်း လိုက်ပါလာသည့် Light Truck ကားပေါ်သို့ တင်ဆောင်သွားစဉ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ မေလ ၂၄ ရက်တွင် ခိုင်လုံသော အတွင်း သတင်း ပေးချက်အရ ကားပေါ် ပါလာသူအားလုံး သေဆုံးသည်ဟု ဆိုသည်။

ထို့အပြင် ယမန်နေ့ ညနေ ၆ နာရီခန့်တွင် တန့်ကြည့်တောင် အနောက်ဖက် လမ်းပိုင်း တစ်နေရာ၌ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ မောင်းနှင်လာသော ကားနှစ်စီးကို ချုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဘက်မှ နှစ်ဦး သေဆုံးသွားကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မြစ်ခြေ - ကျွန်းချောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် ဆိပ်ဖြူ မြောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိခဲ့ဟု ဆိုသည်။

မေလ ၂၂ ရက်နေ့ နံနက်ပိုင်းကလည်း အင်အား ၇၀ ခန့် ရှိသော စစ်ကောင်စီတပ်အား အနီးကပ် ချုံခို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး သေဆုံးသည်ဟု MC - KC DF က ဆိုသည်။

#Mizzima

#မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

#ဆိပ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (NSP)

#ကံကြီးစုရွာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly