မြောင်နယ်အတွင်း ရွာများအား မီးရှို့နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

By ဂျာမုန်း
24 May 2022
မြောင်နယ်အတွင်း ရွာများအား မီးရှို့နေသည့် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်ဖြင့် ရွာများကို မီးပတ်ရှို့နေသည့် စစ်ကောင်စီတပ်အား ယမန်နေ့က မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM မှ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား  တစ်ဦးသေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ် ပေါက်တောကျေးရွာကို မီးရှို့၍ ဖွားစောကျေးရွာသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်အား လမ်းတစ်နေရာတွင် Myaung Women Warriors အဖွဲ့မှ ထုတ်လုပ်သည့် မိုင်း သုံးလုံးမှ ငါးလုံးကြား အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

၎င်းစစ်ကောင်စီတပ်တွင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ပါဝင်သည့်အပြင် တယ်လီဖုန်းလှိုင်း နှောက်စက် Jammer များ ပါသဖြင့် မိုင်းဆွဲခြင်း၊ ဒရုန်းဖြင့် ထောက်လှမ်းခြင်းများ ပြုလုပ်၍ မရ ဖြစ်ခဲ့ရကြောင်း ဆိုသည်။

“ Jammer တွေဆိုတာကလည်း အားသွင်းရတယ်။ ဒီတစ်ခေါက် ကျွန်တော်တို့က သူတို့ဖြတ်တဲ့ ရွာတိုင်းကို ကြိုပြီး မီးတွေ ဖြတ်ခိုင်းလိုက်တယ်။ မီးတွေ ဖြတ်ထားတော့ သူတို့အားတွေ သွင်းမရတော့ဘူး။ မနေ့က ဖွားစောရွာ ဘက်သွားတော့ သူတို့ Jammer မသုံးတာလား၊ မဟုတ်လို့ရှိရင် အားမရှိတော့တာ လားတော့ မသိဘူး။ မိုင်းတော့ ခွဲရသွားတယ်” ဟု CDSOM အဖွဲ့ ဦးဆောင်သူ ကိုနွေဦးက ပြောသည်။

၎င်းစစ်ကောင်စီတပ်မှာ ပေါက်တောကျေးရွာတွင် ယမန်နေ့ မေလ ၂၃ ရက် မွန်းလွဲပိုင်းက နေအိမ် အလုံး ၂၀ ကျော် မီးတင်ရှို့ကာ ဖွားစောကျေးရွာသို့ ဆက်လက်ထွက်ခွာရာ မိုင်းဆွဲ ခံလိုက်ရခြင်း ဖြစ်သည်။

“ပုံမှန်ဆိုရင် အဲဒီမိုင်းတွေက ၁၀ ယောက်လောက်သေတဲ့ မိုင်းတွေ။ ဒါပေမယ့် သူတို့က တစ်ယောက်နဲ့ တစ်ယောက် အတော်လေးခြားပြီး သွားတော့ တစ်ယောက်ပဲ လေပေါ် မြောက်တက်သွားတာ မြင်လိုက်ရတယ်။ နှစ်ယောက်ကတော့ ဒဏ်ရာပဲရသွားတယ်” ဟု ကိုနွေဦးက ပြောပြသည်။

အဆိုပါ စစ်ကောင်စီတပ်မှာ ယမန်နေ့ ညနေပိုင်းက ဖွားစောကျေးရွာသို့ ရောက်ရှိကာ ညအိပ် စခန်းချပြီး ယနေ့ မေလ ၂၄ ရက် နံနက် ၉ နာရီခန့်မှ  စ၍ မီးဆက်ရှို့နေဆဲ ဖြစ်ပြီး နောက်ဆက်တွဲ သတင်းများကို မဇ္ဈိမက စုံစမ်းနေဆဲ ဖြစ်သည်။

#Mizzima
#မြိုင်မြို့နယ်
#ဖွားစောရွာ
#CDSOM
#Jammer

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly