မြင်းမူမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို နာရီပိုင်းအတွင်း ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်

By ဂျာမုန်း
24 May 2022
မြင်းမူမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်းကို နာရီပိုင်းအတွင်း ၃ ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မုံရွာမြို့ကြား သွားလာနေသည့် စစ်ကောင်စီယာဉ်တန်း နှစ်ခုအား မြင်းမူမြို့နယ်ထဲတွင် Black Eagle Defence Force-MMUအဖွဲ့မှ ဦးဆောင်၍ ဒေသခံမဟာမိတ်အဖွဲ့များနှင့်အတူ မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမှ မုံရွာသို့သွားသော စစ်ကောင်စီကားအကြီး ၁၆ စီးပါ ယာဥ်တန်းကို မြင်းမူမြို့နယ်၊ ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာကြား ယမန်နေ့ မေလ ၂၃ ရက် နံနက် ၁၁ နာရီ ၁၉ မိနစ်စတွင် ပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ အဆိုပါယာဉ်တန်းမှ ရှစ်စီးမြောက်ကား ထိမှန်ခဲ့ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။

“မိုင်းဆွဲတာကတော့ ကျွန်တော်တို့အတွက် ဖြစ်ရိုးဖြစ်စဉ်ပေမယ့် ဒီနောက်ပိုင်းကင်းပုန်းတွေရှိတော့ ပိုခက်ခဲလာတာပေါ့။ ကျွန်တော်တို့ကတော့ မိုင်းဆွဲစရာရှိတာဆွဲပြီးရင် ပစ္စည်းတွေယူပြီး ပြန်ဆုတ်ရတာမလို့ ဘာတွေဆက်ဖြစ်လဲဆိုတာတော့ မမြင်ခဲ့ရဘူး။ သတင်းသိလောက်မယ့်သူတွေကိုပဲ ပြန်မေးပြီး စုံစမ်းရတာ။ ဘယ်သူကမှ မျက်မြင်မတွေ့ရတော့ အကုန်မပြောနိုင်ဘူး။ မိုင်းဆွဲလို့ ထိသွားတော့ ကားက ခဏရပ်သွားတယ်။ ပြီးတော့ ပြန်ပစ်တာတွေရှိတယ်”ဟု Black Eagle Defence Force-MMU အဖွဲ့တာဝန်ခံ လမ်းဗိုလ်က ပြောသည်။

ထို့အပြင် ၎င်းယာဥ်တန်းအား မြင်းမူမြို့နယ်၊ ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာကြား ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် ပဒေသာမိုင်း လေးလုံးဖြင့်ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ ငါးစီးမြောက်ကား ထိမှန်ခဲ့ကြောင်း အဖွဲ့တာဝန်ခံက အတည်ပြုသည်။ 

“ဖြစ်စဉ် နှစ်မှာက ပြည်သူကားက မလွတ်တော့ ကျွန်တော်တို့ဆွဲချင်တဲ့ အဓိကကားကို လွှတ်လိုက်ပြီး တစ်ခြားကားပဲ ဆွဲလိုက်ရတယ်။ နောက်နောင်မှာ စကစ(စစ်ကောင်စီ)ယာဥ်တန်းနှင့် ပြည်သူတွေ ကပ်မလိုက်ဖို့ မေတ္တာရပ်ခံပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ယင်းမိုင်းဆွဲမှု နှစ်နေရာပြုလုပ်ခဲ့သည့် ဝမ်းပြည့်ကျေးရွာ၊ အလ္လကပ္ပကျေးရွာ၊ ဘိုးမင်းကြီးကင်းကျေးရွာနှင့် ဂွေးပင်တောကျေးရွာများမှာ ကားလမ်းဘေးတစ်လျှောက် တည်ရှိနေသည့် ရွာစဉ်များဖြစ်သည်။

ထို့အပြင် မုံရွာမြို့မှ စစ်ကိုင်းမြို့သို့ သွားသည့် နောက်ထပ် စစ်ကောင်စီကား ၁၇ စီးပါ ယာဥ်တန်းကိုလည်း  ဝမ်းပြည့်ကျေးရွာနှင့် မြင်းမူမြို့ ကြား နံနက် ၁၂ နာရီ ၅ မိနစ်ခန့်တွင် ပဒေသာမိုင်း သုံးလုံး၊ တစ်ဖက်ပွင့်ပြောင်း နှစ်လုံးတို့ ဖြင့် တိုက်ခိုက်ရာ ၁၃ စီးမြောက်ကားမှာ ထိမှန်သွားကြောင်း သိရသည်။

ယင်းမိုင်းဆွဲမှုဖြစ်စဉ်များတွင် စစ်ကောင်စီဘက်မှ အထိအခိုက် အကျအဆုံးအရေအတွက်များကိုမူ အဖွဲ့ဘက်မှ စုံစမ်းနေဆဲဖြစ်သည်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

၎င်းမိုင်းဆွဲတိုက်ခိုက်မှု သုံးခုကို Black Eagle Defence Force-MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) မှ ဦးဆောင်၍ People's Defence Force Myinmu-MMU PDF၊ မြင်းမူလျှပ်စီး ပြောက်ကျားတပ်ဖွဲ့၊ Myinmu Civil Revolution Force-CRF(Myinmu)၊ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စသည့် မဟာမိတ်လေးဖွဲ့နှင့်အတူ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

#Mizzima
#စစ်ကိုင်းတိုင်း
#စစ်ကိုင်းမြို့
#မုံရွာမြို့
#စစ်ကောင်စီတပ်ဖွဲ့ယာဉ်တန်း
#မိုင်းဆွဲတိုက်ခိုက်ခံရ
#Black Eagle Defence Force-MMU

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly