ပူတင်ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှု လွန်ခဲ့သည့် ၂ လက ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအကြီးအကဲပြောကြား

ပူတင်ကိုလုပ်ကြံသတ်ဖြတ်ရန် ကြိုးစားမှု လွန်ခဲ့သည့် ၂ လက ဖြစ်ပွားခဲ့ကြောင်း ယူကရိန်းထောက်လှမ်းရေးအကြီးအကဲပြောကြား

မေလ ၂၃ ရက်

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လွန်ခဲ့သော နှစ်လက လုပ်ကြံသတ်ဖြတ်မှုဘေးက သေကံမရောက် သက်မပျောက်ဖြစ်ခဲ့သည်ဟု ယူကရိန်းထောက်လှမ်းရေးအကြီးအကဲကပြောကြောင်း ဒေသခံမီဒီယာများက သတင်းပေးပို့ချက်အရသိရသည်။

ယူကရိန်းကိုကျူးကျော်မှုပြုအပြီး ရုရှားသမ္မတကိုလုပ်ကြံရန်ကြိုးပမ်းမှုဖြစ်ခဲ့သည်ဟု ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးအကြီးအကဲ ကဒယ်လို ဘူဒါနော့ဗ်က ပြောကြားချက်ကိုကိုးကား၍ ယူကရိန်းသတင်းစာ Ukrainska Pravda က ရေးသားထားသည်။

အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဂျော်ဂျီယာနှင့် တောင်ပိုင်းရုရှားဒေသတို့ပါဝင်သော ကော့ကေးဆပ်ဒေသမှ ကိုယ်စားလှယ်များက ပူတင်ကိုလုပ်ကြံဖို့ကြိုးစားခြင်းဖြစ်သည်ဟု ဘူဒါနော့ဗ်က ပြောသည်ဟု သတင်းစာက ရေးသားထားသည်။

" ပူတင်ကိုလုပ်ကြံဖို့ ကြိုးစားခဲ့တယ်။ သိပ်မကြာသေးဘူး၊ ကော့ကေးဆပ်ကလူတွေ၊ တိုက်ခိုက်တောင်ခံရတာ" ဟု သတင်းစာက ဆိုသည်။

" ဒါဟာ အများပြည်သူပေးသိတဲ့ သတင်းအချက်အလက်မဟုတ်ဘူး။ ဒါဟာ လုံး၀မအောင်မြင်တဲ့ကြိုးစားမှုဖြစ်ခဲ့တယ် ဒါပေမဲ့ တကယ်ဖြစ်ခဲ့တာ။ လွန်ခဲ့တဲ့နှစ်လလောက်က"

" ကျနော်ထပ်ပြောမယ်၊ ဒါဟာ လုံး၀မအောင်မြင်ခဲ့တဲ့ကြိုးစားမှုပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အများပြည်သူပေးမသိဘူး၊ ဒါပေမဲ့ ဖြစ်ခဲ့တယ်"

ယူကရိန်းကိုကျူးကျော်ရန်ဆုံးဖြတ်စဉ်ကတည်းက ပူတင်သည် သူ့ကိုလုပ်ကြံမှာကို စိုးရိမ်နေခဲ့သည်ဟု ဆိုကြသည်။

ပြီးခဲ့သည့်လက လက်ယာစွန်းနိုင်ငံရေးသမားတစ်ဦးနာရေးသို့သွားရာတွင် ပူတင်သည် သူ၏ နူကလီးယားလက်နက်ပစ်မိန့်ပေးလက်စွဲအိတ်ကိုပါ သယ်ဆောင်သွားခဲ့သည်။ ထို့အပြင် ဈာပနအခမ်းအနားကိုလာရောက်သော အခြားသူများကိုလည်း ဖယ်ရှားရှင်းလင်းစေခဲ့ရာ သူ့ကိုလုပ်ကြံသတ်ဖြတ်မှာကိုစိုးရိမ်သည်မှာ ပေါ်လွင်စေခဲ့သည်။

သူ့ကိုလုပ်ကြံသတ်ဖြတ်ဖို့ကြိုးစားမှုတွေကနေ လွတ်မြောက်ခဲ့ဖူးကြောင်း ပူတင်က အရင်ကလည်း ပြောဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly