ယောဒေသ ကာကွယ်ရေးတပ်ပေါင်းစု ပူးပေါင်းတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

ယောဒေသ ကာကွယ်ရေးတပ်ပေါင်းစု ပူးပေါင်းတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦးသေဆုံး

မေ ၂၂

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီရွာ အနီးတွင် စစ်ကောင်စီတပ်နှင့်ရဲ ပူးပေါင်း အင်အား ၁၀၀ ဝန်းကျင် တပ်စွဲထားသည့် စခန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ငါးဦး သေဆုံးကြောင်း ယောဒေသ ကာကွယ်ရေးတပ်ပေါင်းစု YRPA တာဝန်ရှိသူ ဗိုလ်စိုး က မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေလ ၂၀ ရက်နေ့ ည ၅ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ယင်း တိုက်ခိုက်မှုသည် ယောဒေသ ကာကွယ်ရေးတပ်ပေါင်းစု (YRPA) ၏ ပထမဆုံး ပူးပေါင်း စစ်ဆင်ရေး ဖြစ်ကြောင်း ၎င်းကပြောသည်။

ည ၅ နာရီခန့်က စတင်ခဲ့သည့် ယင်းတိုက်ပွဲသည် တစ်နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်စခန်းနှင့် မီတာ ၃၀၀ အထိ အနီးကပ် သွားရောက် တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

“စစ်တပ်နဲ့ ရဲ အင်အား ၁၀၀ လောက် ပေါင်းထားတဲ့ စခန်းကို YRPA တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာပေါ့။ ပထမတော့ စခန်းနဲ့ မီတာ ၃၀၀ လောက်ကို ချည်းကပ်တာပေါ့။ အဲမှာ စနိုက်ပါနဲ့ အရင်ပစ်တော့ သုံးယောက် စစ်ကောင်စီဘက်က ကျသွားတယ်။ နောက်ပြီး လက်နက်ကြီးနဲ့ အလုံး ၅၀ လောက်ပစ်တယ်။ ဒါပေမယ့် ပစ်မှတ်ထဲကို အလုံး ၄၀ လောက်ပဲကျတယ်။ ဒရုန်းနဲ့ ကြည့်တော့ သေချာမြင်ရတာက လက်နက်ကြီး ပစ်ထားတာ နှစ်ယောက်သေတယ်” ဟု YRPA တာဝန်ရှိသူ ဗိုလ်စိုးက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရေမျက်နီကျေးရွာတွင် တပ်စွဲထားဆဲ ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ယောဒေသကာကွယ်ရေးတပ်ပေါင်းစု (YRPA) ဘက်က ရဲဘော်တစ်ဦး ၆၀ မမ လက်နက်ကြီး ထိမှန်ပြီး စိုးရိမ်ရသည့် ဒဏ်ရာ ရရှိကြောင်း သိရသည်။

အဆိုပါ ရေမျက်နီရွာအနီးရှိ ဘုရားကိုးဆူ၊ ကျေးစလောင်းတောင် ကင်းစခန်းအား ထီးလင်း PDF နှင့် န.ပ.တ တပ်ဖွဲ့တို့ မေလ ၁၅ ရက်နေ့က ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။

ယောဒေသပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစု YRPA ကို လောင်းရှည်ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (LSRPDF)၊ ကျောက်ထု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KTU - PDF)၊ ထီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Htilin PDF) ၊ ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF)နှင့် ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF - GANGAW BATTALION) တပ်ဖွဲ့များဖြင့် မတ်လ ၂၀ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

#Mizzima

#မကွေးတိုင်း

#ထီးလင်းမြို့နယ်

#ရေမျက်နီရွာ

#YRPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly