ပုသိမ်၊ ဖေဖော်ဝါရီ ၄ ။ ။ ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့နယ်ခွဲ၊ နံသာဖုကျေးရွာရှိ ဂေါ်ရင်ဂျီကျွန်းသို့ ပွင်လင်းရာသီမှ စတင်ပြီး ခရီးသွားသူများ လာရောက်ကြောင်းဒေသခံများထံမှသိရှိရသည်။
"အခု နေ့တိုင်းကို ခရီးသွားတွေလာကျတယ် တချိုနေ့ချင်းပြန်တယ်၊တချို ညအိပ်လာအပန်းဖြေတာတွေရှိတယ်၊ကျွန်မတို့ အခက်အခဲက လျှပ်စစ်မီးမရတာပဲ ကိုယ်စက်နဲ့မောင်းရတာရယ်ပါပဲ" ဟုနံသာဖုကျေးရွာနေ နန်းချိုပြုံးက ပြောသည်။
ပုသိမ်-မော်တင်ကာလမ်းမှ ငရုပ်ကောင်းမြို့နယ်ခွဲသို့ ၅ နာရီခန့် ကားဖြင့်သွားရပြီး ငရုပ်ကောင်းမှ မြေသားလမ်းအတိုင်း ၁၇ မိုင်ခန့်မောင်းမှ ဂေါ်ရင်ဂျီကျွန်းသို့ရောက်သည်။
ခရီးသွားများခပ်စိတ်စိတ်ရောက်လာသည့်အတွက် တည်းခိုသည်နေရာဆောက်လုပ်နေသည့် ဒေသခံများလည်းရှိနေကြောင်း၊အစားအသောက်များ ချက်ပြုတ်ပေးသူများလည်းရှိသည်ကိုတွေ့ရသည်။
"ကျွန်တော်တို့ဒေသဖွံဖြိုးတိုးတက်ဖို့လိုတယ်၊ခရီးသွားလုပ်ငန်းတိုးတက်စေချင်တယ် ဒါပေမယ် ကမ်းခြေက လူတွေက တခြားအရပ်ရောက်ပြီး ဒေသတိုးတက် တာမျိုးထပ် ဒေသကလူတွေပါ တိုးတက်မှု မျိုးလိုချင်တယ်၊ ကျွန်တော်တို့ လမ်းပန်းဆက်သွယ်ရေးတိုးတက် စေချင်ပါတယ်"ဟုရောင်နီဦးကျေးရွာမှ ဒေသခံဦးမွှေးပြောသည်။
ငရုပ်ကောင်းမြို့နယ်ခွဲတွင် ကျေးရွာအုပ်စု ၁၃စုရှိပြီး ရေလုပ်ငန်းနှင့် အုန်းခြံစိုက်ပျိုးခြင်းကိုအဓိက လုပ်ကိုင်သောဒေသဖြစ်ပြီးတိုင်းအစိုးရ ၏ကျောက်မီးသွေးစီမံကိန်းကြောင့် လူသိများလာခြင်းဖြစ်သည်။