မြောက်ဒဂုံတွင် စစ်ကောင်စီလျှပ်စစ်ဌာနက မီးလိုက်ဖြတ်

မြောက်ဒဂုံတွင် စစ်ကောင်စီလျှပ်စစ်ဌာနက မီးလိုက်ဖြတ်

မေ ၂၀

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ် (၄၁) တိုးချဲ့ရပ်ကွက် မဟာမြိုင်အိမ်ယာနှင့် တော်ဝင်အိမ်ယာအတွင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနဝန်ထမ်းများက ယနေ့ မေ ၂၀ ရက် နံနက် ၁၀ နာရီခန့်တွင် နေအိမ်များကို မီးဖြတ်တောက်မှုများလုပ်ခဲ့သည်။

“ သူများအိမ်တွေမီးလာပြီး ကိုယ့်အိမ်မီးမလာလို့ တစ်ချက်စုံစမ်းကြည့်တော့မှ မီးဖြတ်သွားမှန်းသိရတယ်။ YESC တံဆိပ်ပါတဲ့ မိုးကာတွေနဲ့ ဆိုင်ကယ် သုံးလေးစီးလောက်တော့ရှိမယ်။ လာဖြတ်တဲ့အချိန်က မိုးတွေရွာနေတာ။ ဘယ်အချိန်ဝင်ပြီး ဘယ်အချိန် လာဖြတ်လိုက်မှန်းမသိလိုက်ဘူး။ Fuse တွေတော့ ဖြုတ်ပြီးသိမ်းသွားတယ်။ မီတာရုံးကိုလာပြီးဆောင်မှ Fuse ပြန်တက်ပေးမယ်လို့တော့ကြားတယ်” ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုလှုပ်ရှားမှုတစ်ခုအဖြစ် လျှပ်စစ်မီတာခပေးဆောင်ခြင်းမပြုဘဲသပိတ်မှောက်မှုကို ရန်ကုန်လူထုအတွင်း ယမန်နှစ်က ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်ခဲ့ပြီးနောက် စစ်ကောင်စီလျှပ်စစ်ဌာနက မီီးဖြတ်ခြင်းဖြင့်ပြန်လည်တုံ့ပြန်မှုကို နောက်ပိုင်းတွင် လုပ်လာခဲ့သည်။

မီတာခပေးဆောင်ခြင်းမရှိသည်မှာ လပေါင်းများစွာကြာမြင့်ပြီဖြစ်၍ မီတာခကလည်း အလွန်အမင်းစုပြုံလာကာ ကျပ်သိန်းနှင့်ချီလာရာက နေအိမ်အများစုအတွက်လည်း ပေးဆောင်ရန် အခက်တွေ့လာခဲ့သည်။

“ ခွဲဆောင်လို့ ရရင်တော့ကောင်းတာပေါ့။ အခုကြားနေရတာက လိုက်ဖြတ်ပြီဆိုရင် အကုန်ဆောင်ရ တယ်လို့လည်းကြားနေတယ်။ မဆောင်နိုင်တဲ့ သူကတော့ အမှောင်ထဲ နေရမှာပေါ့။ ရှာကျန်ပြီး ဆောင်ရမှာဘဲလေ။” ဟု ဒေသခံတစ်ဦးက မဇ္ဈိမသို့ ပြောသည်။

ယနေ့ နံနက် ၉နာရီအချိန်ခန့်တွင် ရန်ကုန်အင်းစိန်လမ်းနှင့် ပါရီလမ်းထောင့်တွင် ရှိသည့် လှိုင်မြို့နယ် မီတာရုံးဝန်းအတွင် ဗုံးပေါက်ကွဲမှုကြောင့် မီတာလာဆောင်သူအချို့ထွက်ပြေးခဲ့ရသည်။

စစ်ကောင်စီက ရန်ကုန်မြို့ မြို့နယ်များအလိုက် လျှပ်စစ်ဓာတ်အား သုံးစွဲခ မီတာစာရွက်များကို လစဉ် မပြတ်လိုက်လံပေးပို့ခဲ့ပြီး၊ မီးတာမဆောင်ပါက မီးဖြတ်တောက်မည်ဟု ၎င်းတို့၏ဝါဒဖြန့်သတင်းစာများတွင် ကြေညာသည်။

ပြည်သူလူထုအနေဖြင့်လည်း နိုင်ငံတဝန်း မီတာမဆောင်၊ အခွန်မဆောင်ရန်ဆိုသည့် လူထုလှုပ်ရှားမှုအပြင် မြို့နယ်အလိုက် မီတာရုံးများတွင် မကြာခဏပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်နေခြင်းကြောင့် ကြောက်လန့်၍ သွားရောက်မဆောင်ခြင်းမျိုးများ ကြုံတွေ့ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required