လူထုကို ပုံဖျက်သွေးခွဲရေး မစ်ရှင် ‘’သွေးသောက်’’

လူထုကို ပုံဖျက်သွေးခွဲရေး မစ်ရှင် ‘’သွေးသောက်’’

မေ ၂၀

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော် အကြာတွင် သွေးသောက်အဖွဲ့ ဆိုသည့် အမည်ဖြင့် အနီရောင် စစ်ဆင်ရေးဟု ဆိုကာ ပြည်သူများကို ပစ်မှတ်ထား သတ်ဖြတ်သည့် ဖြစ်ရပ်များ ရှိလာခဲ့သည်။

၎င်းတို့၏ အဓိက ပစ်မှတ်ထား သတ်ဖြတ်သွားမည့် သူများကိုလည်း ဧပြီလ ၂၁ ရက်မှ စ၍ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ထုတ်ပြန် ကြေညာသည်။ အဆိုပါ ပစ်မှတ်များတွင် NLD ပါတီဝင်များ နှင့် ပါတီကို ထောက်ခံသူ ဆက်စပ်သူများ ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များနှင့် ဆက်စပ်သူများ ၊ သတင်းမီဒီယာသမားများ ပါဝင်ခဲ့သည်။

သွေးသောက်အဖွဲ့၏ ထုတ်ပြန်ချက်များ အပြီး ရက်ပိုင်းအတွင်းမှာပင် မန္တလေးတိုင်း အတွင်းရှိ မန္တလေးမြို့၊ ကျောက်ဆည်မြို့၊ တံတားဦးမြို့၊ စဥ့်ကိုင်၊ စဥ့်ကူးမြို့နယ်တို့မှ ပြည်သူ ၁၁ ဦးခန့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သေဆုံးသူများ၏ လည်ပင်းတွင် ၎င်းတို့၏ သွေးသောက်အဖွဲ့ တံဆိပ် ချိတ်ဆွဲပေးထားကာ အားလုံးသည် လည်ပင်း ကျည်မှန်ဒဏ်ရာ ရှိနေကြပြီး ရုပ်ရှင်ကားများထဲမှ လူဆိုးဂိုဏ်းများ သတ်ဖြတ်ပုံမျိုး ဖြစ်သည်။

ဧပြီလ ၂၄ ရက်နေ့ တစ်နေ့ထဲတွင်ပင် မန္တလေးမြို့က NLD ပါတီနှင့် နီးစပ်သူ ငါးဦး စစ်တပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး တစ်ဦးသာ ဒဏ်ရာ အပြင်းအထန်နှင့်အတူ အသက်ရှင်ခဲ့သည်။

ချမ်းအေးသာစံမြို့နယ်၊ NLD ရပ်ကျေးဥက္ကဋ္ဌ စိန်ဝင်းဝင်း ၊ လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးခင်မောင်သိန်းနှင့် ဇနီး၊ ပါတီဝင် ဖြစ်သည့် ဦးခင်မောင်သိန်း၏ မယားညီအစ်ကို ဦးတင့်၊ အောင်မြေသာစံ မြို့နယ် NLD ပါတီဝင် အမျိုးသား တစ်ဦးနှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ်၏ အကိုဖြစ်သူ ကိုမိုးကြီး (ခ) ကိုဖုန်းမြင့်မိုးတို့ ဖမ်းခံခဲ့ရပြီး ဦးခင်မောင်သိန်း၏ ဇနီးဖြစ်သူသာ အသက်ရှင်ခဲ့သည်။ သေဆုံးသူ လေးဦးလုံး လည်ပင်းတွင် သွေးသောက်ကဒ်ပြားကို ဆွဲ၍ အလောင်း လွှင့်ပစ်ခြင်း ခံခဲ့ရသည်။

မေလ ၅ ရက်နေ့ကလည်း ကျောက်ဆည်မြို့မှ အသက် ၅၅ နှစ် ဝန်းကျင်ရှိ ရွှေကျောက်ဆည် လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးတင်သိန်းနှင့် တံတားလယ် လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးညိုထွန်းဇော် တို့ကို အရပ်ဝတ်နှင့် လူတစ်စုက လက်နက် အပြည့်အစုံဖြင့် ဖမ်းဆီးသွားခဲ့ပြီး ည ၇ နာရီခန့်တွင်မှု သွေးသောက်အဖွဲ့တံဆိပ် လည်ဆွဲနှင့် ၎င်းတို့၏ အလောင်းများကို လမ်းပေါ်၌ စွန့်ပစ်ခဲ့သည်။

ထိုသို့သော ဖြစ်ရပ်များနှင့်အတူ သွေးသောက်အဖွဲ့၏ နောက်ကွယ်တွင် မည်သူများ ရှိမည်နည်း ၊ မည်သူများက ဖွဲ့စည်း ပေးလိုက်သနည်း ဆိုသည့် မေးခွန်းများဖြင့် ပြည်သူများ အကြား ထင်မြင် ယူဆချက် မျိုးစုံလည်း ရှိလာခဲ့သည်။

သွေးသောက်အဖွဲ့၏ နောက်ကွယ်တွင် စစ်ကောင်စီ ရှိနေသည်ဟု ပြောဆိုမှုများ ကျယ်ကျယ် လောင်လောင် ထွက်လာပြီး နောက်ပိုင်းတွင်မူ စစ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ ဇော်မင်းထွန်းက ၎င်းတို့ မဟုတ်ဟု အတိအလင်း ငြင်းဆိုထားသည်။ သို့သော် သေဆုံး သွားသူများကို လာရောက် ဖမ်းဆီးစဉ်က စစ်တပ်နှင့် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်များ ပါဝင်နေသည့် အချက်က သွေးသောက် အဖွဲ့နှင့် စစ်ကောင်စီ၏ ဆက်စပ်မှုကို ငြင်း၍ မရစေသည့် အချက် တစ်ခု ဖြစ်စေခဲ့သည်။

"ပျူစောထီးနဲ့ စစ်တပ် ပေါင်းပြီး အိမ်လာခေါ်တာ။ ပျူစောထီး ဆိုတာတောင် တစ်ယောက် နှစ်ယောက်ပဲ တပ်အင်အား အပြည့်နဲ့ လာခေါ်တာ" ဟု ရွှေကျောက်ဆည် လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးတင်သိန်းနှင့် တံတားလယ် လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးညိုထွန်းဇော်တို့ အသတ်ခံရမှုနှင့် ဆက်စပ်ပြီး ကျောက်ဆည်မြို့ခံ တစ်ဦးက ပြောသည်။

"သူတို့ နှစ်ယောက်က NLD ပါတီကို ထောက်ခံချင် ထောက်ခံလိမ့်မယ်။ ပါတီဝင်တွေ မဟုတ်ဘူး" ဟုလည်း ကျောက်ဆည်မြို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းအဖွဲ့အစည်းဝင် တစ်ဦးက ပြောသည်။

၎င်းတို့ နှစ်ဦးသည် NLD ပါတီဝင်များ ဖြစ်ပြီး ပြီးခဲ့သည့် ရက်ပိုင်းက ကျောက်ဆည် မြို့ပေါ်တွင် စစ်ကောင်စီ တပ်သားတစ်ဦး သေနတ်နှင့် ပစ်သတ် ခံရမှုနှင့် ဆက်စပ်ပြီး သွေးသောက် အဖွဲ့များက ပြန်လည် သတ်ဖြတ်ခြင်း ဖြစ်ကြောင်း စစ်အုပ်စု လော်ဘီများက သတင်း ဖြန့်ခဲ့ကြသေးသည်။

ပြည်သူ အချင်းချင်း မကျေနပ်၍ သတ်ဖြတ်သည့်သဘော ပုံဖျက်ရန် စစ်တပ်က ကြိုးပမ်း ခဲ့သော်လည်း အဆိုပါ ပြည်သူများ အားလုံးကို နေအိမ်တွင် စစ်တပ်က အရပ်ဝတ်ဖြင့် လာရောက် ဖမ်းဆီးခဲ့ပြီး သတ်ဖြတ်ခြင်းက ၎င်းတို့လုပ်ရပ်ကို ရှေ့ကဖုံး နောက်က ပေါ်သကဲ့သို့ ဖြစ်စေခဲ့သည်။

ထို့ပြင် မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ် သဲအင်းကျေးရွာမှ သွေးသောက် အဖွဲ့ဝင် တစ်ဦး မေလ ၁ ရက် နေ့က သတ်ဖြတ် ခံရချိန်တွင် စစ်အုပ်စုက အလောင်းလာရောက် သယ်ဆောင်ကာ စဥ့်ကူးမြို့တွင် ကောင်းမွန်စွာ သဂြိုလ်ခဲ့သည်။ ၎င်း အသတ်ခံရခြင်းနှင့် ဆက်စပ်၍ သဲအင်းကျေးရွာ အပါဝင် အနီးနား ကျေးရွာ သုံးရွာကိုလည်း မီးရှို့ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

"အရင်က အုပ်ချုပ်ရေးမှူး သေတာတောင် အလောင်း မကောက်ဘူး။ ဒီသွေးသောက် အဖွဲ့ကျမှ ရွာတွေမီးရှို့၊ အလောင်းတွေကောက် လာလုပ်သွားတာ " ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယင်းမှာ စစ်အုပ်စုက သွေးသောက်အဖွဲ့ဝင်များကို ကောင်းစွာ ဆက်ဆံ ပြပြီး စည်းရုံးနေခြင်း ဖြစ်ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဆိုသည်။

အဆိုပါ သွေးသောက်အဖွဲ့ဝင်သည် စဥ့်ကူးမြို့နယ် ခူလယ်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ဆွေကို ဧပြီလ ၂၉ ရက်နေ့က သတ်ဖြတ်ခဲ့သည့် အဖွဲ့တွင် ပါဝင်သူလည်း ဖြစ်သည်။

အလားတူ မန္တလေးမြို့နယ် ဆင်ပွတ်ကြီးရွာမှ သွေးသောက်အဖွဲ့ဝင် နှစ်ဦးသေနတ်ဖြင့် ပစ်ခံရပြီး နောက်တွင် စစ်တပ်က ဆင်ပွတ်ကြီးရွာကို ဝင်ရောက်ကာ ဒေသခံ နှစ်ဦးကို ဖမ်းဆီး ခဲ့သလို နေအိမ် အချို့ကိုလည်း ဖျက်ဆီးခဲ့သည်။

ထိုသို့သော ဖြစ်ရပ်များနှင့် သတ်ဖြတ်မှုများကို သွေးသောက်အဖွဲ့ အမည်ဖြင့် ထင်တိုင်းကျဲ လုပ်နေနိုင်သည့် နေရာသည် မန္တလေးတိုင်းက အဓိကနေရာ ဖြစ်နေသည်ဟု ပြည်သူ့ကာကွယ်ရေး တပ်သားများက တစ်ညီ တစ်ညွတ် မှတ်ချက် ပြုကြသည်။

"မန္တလေးတိုင်းက ဒေသခံ ကာကွယ်ရေးတပ်တွေ သေချာ မစိုးမိုးနိုင်ဘူး။ ဥပမာ စစ်ကိုင်းတိုင်းနဲ့ ယှဥ်ကြည့်မယ် ဆိုရင်တောင် စစ်ကိုင်းတိုင်းမှာ ဒလန်ကစပြီး အသံ မထွက်ရဲဘူး။ မန္တလေးမှာ စစ်တပ်က အင်အား နိုင်သလို ဖြစ်နေတယ်" ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် တောကြီးမြွေပွေး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်တီက ပြောသည်။

ယခုကဲ့သို့ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခြင်းသည် မည်သည့် ဥပဒေနှင့်မျှ ညီညွှတ်ခြင်း မရှိဘဲ ယင်းသို့ သတ်ဖြတ်နေခြင်းများကိုလည်း ရဲတပ်ဖွဲ့က တာဝန်ယူ ဖြေရှင်းသင့်ကြောင်း မန္တလေးမြို့က တရားလွှတ်တော် ရှေ့နေ တစ်ဦးက ပြောသည်။

"သွေးသောက် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီး ပြောရရင် ဒါက တရားဥပဒေ စိုးမိုးရေး ဆိုပြီး တွင်တွင်ကျယ်ကျယ် အော်နေတဲ့ နစက အစိုးရလို့ ခေါ်တဲ့ စစ်ကောင်စီဘက်ကနေ ဖွဲ့စည်းတယ် ပေါ့နော်။ ဒီအဖွဲ့အစည်းအတွက် တပ်က လူတွေ ဖမ်းပေးတယ်။ အဲဒီ အဖွဲ့အစည်းက သတ်တယ်ပေါ့။ ဘယ်လိုပြောပြော ဒါဟာဥပဒေမဲ့ ရမ်းကား သတ်ဖြတ်ခြင်းပဲ။ ဒါကို စစ်တပ်က ဘယ်လို တာဝန်ယူမလဲ။ ပြီးတော့ နယ်မြေစိုးမိုးရေး အဓိက လုပ်နေတဲ့ ရဲတပ်ဖွဲ့ပေါ့။ ရဲတပ်ဖွဲ့က ဘာလုပ်နေလဲ ဆိုတဲ့ မေးခွန်း ထုတ်စရာတွေ ရှိလာတာပေါ့" ဟု အဆိုပါ ရှေ့နေက ဆိုသည်။

လက်ရှိတွင် သွေးသောက်အဖွဲ့ဝင် တချို့ သတ်ဖြတ် ခံခဲ့ရပြီး တချို့သော အဖွဲ့ဝင်များလည်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ၏ သတိပေးစာများ ရရှိထားကြသည်။

မန္တလေးတိုင်းတွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း သွေးသောက်အဖွဲ့ဝင် ငါးဦး သေနတ်ဖြင့် ပစ်သတ် ခံခဲ့ရပြီး သုံးဦး သေဆုံးခဲ့သည်။

မြို့ပြပြောက်ကျား အဖွဲ့များ အားလုံးကလည်း သွေးသောက် အဖွဲ့ အားလုံးကို မျက်ခြေမပြတ် စောင့်ကြည့် နေသည်ဟု မန္တလေး မြို့ပြပျောက်ကြား အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Ranger Of Mandalay အဖွဲ့မှ ဗိုလ်ဖီးနစ်က ဆိုသည်။

"သွေးသောက်ဆိုတာ အပြစ်မရှိတဲ့ လူတွေကို သတ်တဲ့အဖွဲ့ပါ။ ကိုယ့်မိသားစုကို ချစ်ရင် အလင်း ဝင်ကြပါ" ဟု ဗိုလ်ဖီးနစ်က သတင်းစကား ပါးသည်။

မန္တလေးမြို့ NLD ပါတီဝင် တစ်ဦးကလည်း NLD ပါတီသည် မည်သည့် ပါတီဝင်ကိုမျှ သတ်ဖြတ်ရန် မူဝါဒ မရှိကြောင်းနှင့် တခြားသော ပြည်သူများ အနေဖြင့် ဓားခုတ်ရာ လက်ဝင် မလျှိုကြရန် ပြောဆို ထားသည်။

"စစ်တပ်က သူတို့ကို မထောက်ခံလို့ အကြောင်းရှာ သတ်တာကို ပြည်သူချင်း လွှဲချပြီး သတ်ခိုင်းနေတာကို သတိ ပြုစေချင်တယ်။ ကျွန်တော်တို့ဟာ အာဏာရှင်ကို တော်လှန် နေတာပါ။ ဘယ်ပြည်သူကိုမှ သတ်ဖို့ မရှိပါဘူး " ဟု ၎င်းက ပြောသည်။

သွေးသောက်အဖွဲ့နှင့် ဆက်စပ်နေသော ဖမ်းဆီးမှုများတွင် ပါဝင်လေ့ရှိသည့် ပျူစောထီးများ ၊ စစ်ကောင်စီ တပ်သားများက သွေးသောက်အဖွဲ့ကို စစ်ကောင်စီက ထိန်းချုပ် လုပ်ဆောင် စေသည်ကို ညွှန်းဆိုပြီး ဖြစ်သည်။ လူထုအကြား မခံနိုင်၍ အပြန်အလှန် သတ်ဖြတ်မှုသဘောမျိုး ပုံဖျက် မှိုင်းသွင်းသည့် စစ်ကောင်စီ၏ စစ်ဆင်ရေး တစ်ခုဟုသာ သွေးသောက်အဖွဲ့ကို သတ်မှတ်ယုံမှ တစ်ပါး အခြား မရှိတော့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly