အမေရိကန်က အာဆီယံကိုချဉ်းကပ်လျက် တရုတ်ကို အသာစီးရရန် ကြိုးပမ်းနေ

အမေရိကန်က အာဆီယံကိုချဉ်းကပ်လျက် တရုတ်ကို အသာစီးရရန် ကြိုးပမ်းနေ

အမေရိကန်သည် အာဆီယံနိုင်ငံများကို ချဉ်းကပ်ရင်း ပြိုင်ဘက် တရုတ်နိုင်ငံ နောက်ကောက်ကျသွားစေရန် ခြေလှမ်းပြင်လာသောကြောင့် အရှေ့တောင်အာရှသည် အရှေ့တိုင်းတွင် ချက်ချင်းဆိုသလို အာဏာကစားပွဲရပ်ဝန်း ဖြစ်လာသည်။

ရုရှား-ယူကရိန်းပဋိပက္ခဖြစ်နေချိန် မေလ ဒုတိယ ရက်သတ္တပတ်တွင် ဝါရှင်တန်၌ အာဆီယံနိုင်ငံများနှင့် တွေ့ဆုံခဲ့သော အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် တခြားရည်ရွယ်ချက်ရှိဟန်မပေါ်ပေ။

“အရှေ့တောင်အာရှတွင် ခိုင်မာပြီးယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ဆောင်ရွက်ဖို့က ဘိုင်ဒင်-ဟဲရစ် အစိုးရအတွက် ထိပ်တန်းဦးစားပေးဖြစ်ပါတယ်။ အင်ဒိုပစိဖိတ်ဒေသကို လွတ်လပ် ပွင့်လင်း လုံခြုံပြီး အချိတ်အဆက်ရှိ ခံနိုင်ရည်ရှိတဲ့ ဒေသဖြစ်စေဖို့ ဘုံကတိကဝတ်တွေကို ဆက်လက်ထောက်ခံသွားမှာပါ” ဟု အိမ်ဖြူတော် ထုတ်ပြန်ချက်တွင်ဖော်ပြကာ အစည်းအဝေးကျင်းပချိန်တွင် အမေရိကန်အစိုးရက ကတိပြုခဲ့သည်။

နိုင်ငံတကာလုံခြုံရေးကိစ္စများ၊ အရှေ့တောင်အာရှရှိ စီးပွားရေးမူဘောင်၊ အမေရိကန်စီးပွားရေးဆိုင်ရာ လိုက်လျောမှုကိစ္စနှင့် တောင်တရုတ်ပင်လယ်နှင့်ပတ်သက်သော ဒေသတွင်းလုံခြုံရေးဆိုင်ရာ ဆွေးနွေးမှုတို့သည် နှစ်ဖက်စလုံးကို ကျေနပ်အားရစေသည်။

အာဆီယံသည် အမေရိကန်ဦးဆောင်သော Quad နှင့် Aukus ကဲ့သို့သော နိုင်ငံအနည်းငယ်ပါဝင်သည့်အုပ်စုထက် အာဆီယံဦးဆောင်သော ယန္တရားအတွက် အမေရိကန်ထောက်ပံ့မှုကို ပိုမိုမြင်လိုဟန်ရှိသည်ဟု စင်္ကာပူရှိ ISEAS-Yusof Ishak Institute မှ အာဆီယံလေ့လာရေးစင်တာမှ ဦးဆောင်သုတေသီဖြစ်သူ ဂျိုအန်းလင်းက CNBC သတင်းဌာနသို့ပြောသည်။

သို့သော် တရုတ်ကလည်း အရှေ့တောင်အာရှတွင် ၎င်း၏ အလွှမ်းမိုးနိုင်ဆုံးဖြစ်ဖွယ်ရှိသည့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံနှင့်သာမကဘဲ အာဆီယံကို ဆွဲဆောင်လျက်ရှိသည်။ အကြောင်းမှာ တရုတ်သည် လွန်ခဲ့သည့် ၁၀ စုနှစ်ကပင် ထင်မြင်ယူဆချက်များကို ပုံသွင်းရန် ရည်ရွယ်၍ အဓိကနည်းလမ်း ၄ သွယ်ဖြင့် အာဆီယံနိုင်ငံများတွင် မီဒီယာလွှမ်းမိုးမှုကို ပုံမှန်ချဲ့ထွင်လျက်ရှိသောကြောင့်ဖြစ်သည်။

သမ္မတဘိုင်ဒင်၏ ထင်ပေါ်လှသော စည်းရုံးလှုံ့ဆော်မှုများနှင့် နှိုင်းယှဉ်ပါက တရုတ်၏ ကြိုးပမ်းမှုများသည် အချိန်အတိုင်းအတာတစ်ခုအထိ သိသာထင်ရှားမှုမရှိဘဲ တစ်သမတ်တည်း ဖြစ်နေသည်။ ကွန်မြူနစ်အစိုးရသည် ၎င်း၏ အထူးစီစဉ်ထားသောအကြောင်းအရာများဖြင့် အာဆီယံနိုင်ငံများကို အဆက်မပြတ် ပစ်မှတ်ထားရန် ၎င်း၏ ကျယ်ပြောလှသော ဝါဒဖြန့်ချိရေး ယန္တရားအပေါ် ပုံအောအားကိုးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly