ထား၀ယ်-ထီးခီးလမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်ရင်းမှူးအပါဝင် ၂၀ ဦးထက် မနည်းသေဆုံးဟုဆို

By ကိုရွှေမြိတ်
19 May 2022
ထား၀ယ်-ထီးခီးလမ်းပိုင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ တပ်ရင်းမှူးအပါဝင် ၂၀ ဦးထက် မနည်းသေဆုံးဟုဆို

ထားဝယ်၊ မေလ၊ ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီး လမ်းပိုင်းက စစ်ကောင်စီစစ်ကြောင်းကို မေလ ၁၅ ရက်နေ့က တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ တပ်ရင်းမှူး တစ်ဦး အပါဝင် ၂၀ ဦးထက် မနည်း သေဆုံးသွားကြောင်း ထား၀ယ်အရှေ့တော ပြည်သူ့ ကာကွယ်ရေး အင်အားစု(ထားဝယ်-ပ.က.ဖ)မှ မေလ ၁၈ ရက်နေ့က ထုတ်ပြန်ချက် အရ သိရသည်။

အင်အား ၂၀၀ ကျော် ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ခြေလျင် စစ်ကြောင်းကို ဘဲ့မတတ်တောင် အနီး မိုင်းဆွဲ တိုက်ခိုက် ခဲ့သော်လည်း ပေါက်ကွဲမှု မရှိခဲ့ဟု ထား၀ယ် အရှေ့တော ပြည်သူ့ ကာကွယ်ရေး အင်အားစု (ထားဝယ်-ပ.က.ဖ) အဖွဲ့က သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

ထိုကြောင့် စစ်ကောင်စီ စစ်ကြောင်းကို အသင့် ပြင်ဆင် ထားသည့် လက်လုပ် RPG (ခေါ်) ဝါးကျည်တောက် (တူမီးအကြီးစား) နှင့် တိုက်ခိုက် ခဲ့၍ ခြေမြန် တပ်ရင်းမှ တပ်ရင်းမှူး တစ်ဦး၊ တပ်ကြပ်ကြီး အဆင့် တစ်ဦး အပါအ၀င် ၂၀ ကျော် သေဆုံးသွားကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။

ယင်းတိုက်ခိုက်မှုသည် မေလ ၁၄ ရက်နေ့က ‌ကျောက်မဲ့တောင် ရဲစခန်း တိုက်ပွဲတွင် ကျဆုံးခဲ့ သည့် KNDO Special တပ်ရင်းမှ ဗိုလ်ဆယ်ပြား နှင့် PDF-T1 ထား၀ယ်ခရိုင် မှ ရဲဘော် ဂျပန် တို့ အတွက် သွေးကြွေး ပြန်တောင်းသည့် အနေဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ထားသည်။

ပစ်ခတ် တိုက်ခိုက်ပြီး အချိန်မီ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့၍ အရှေ့တော ပြည်သူ့ ကာကွယ်ရေး အင်အားစုဘက်က ထိခိုက်သူ မရှိကြောင်း၊ စစ်ကောင်စီ ဘက်က လက်နက်ကြီးများ အသုံးပြုပြီး အဆက် မပြတ် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ထား၀ယ် အရှေ့တော ပြည်သူ့ ကာကွယ်ရေး အင်အားစု (ထားဝယ်-ပ.က.ဖ) နှင့် သာ သက်ဆိုင် ပါကြောင်း ရပ်ရွာနေ ပြည်သူလူထု နှင့် လုံး၀ (လုံး၀) မသက်ဆိုင် ပါကြောင်း ထုတ်ပြန်ထားသည်။

#Mizzima

#တနင်္သာရီတိုင်း

#ထားဝယ်-ထီးခီးလမ်းပိုင်း

#ထားဝယ်-ပ.က.ဖ

#စစ်ကောင်စီတပ်ဖွဲ့

#တိုက်ပွဲဖြစ်ပွါး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly