ချင်းပြည်နယ် အနောက်ပိုင်းရှိ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

ချင်းပြည်နယ် အနောက်ပိုင်းရှိ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး

မေ ၁၈

ချင်းပြည်နယ် အနောက်ပိုင်း တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်ရှိ ချင်းကာကွယ်ရေး တပ်ဖွဲ့ရှစ်ဖွဲ့ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို မေလ ၁၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးပွဲအား ဇိုမီးလွှတ်တော် ကိုယ်စားလှယ် ငါးဦး ဦးဆောင်၍ သုံးနာရီကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“ကျနော်တို့ အနောက်ပိုင်း အစုအဖွဲ့များ ဖြစ်ပါတယ်၊ ပိုကောင်းတဲ့ ပူးပေါင်းမှု ရှိလာဖို့ပါပဲ၊ စစ်ရေး ကိစ္စများ အပြင် အုပ်ချုပ်ရေး ၊ ပညာရေး နဲ့ ကျန်းမာရေး ကိစ္စတွေကိုလည်း ဆွေးနွေးဖို့ ရှိပါတယ်၊ မကြာခဏ အစည်းအဝေး လုပ်သွားကြဖို့လည်း ရှိပါတယ်” ဟု CDF-Hualngoram ပြောရေးဆိုခွင့် ရှိသူက မဇ္ဈိမ ကိုပြောသည်။

ယင်းဆွေးနွေးပွဲတွင် ပုံမှန် တွေ့ဆုံနိုင်ရေး ဆက်သွယ်ရေး လမ်းကြောင်း တည်ဆောက်နိုင်ခဲ့ပြီး ယခု စုဖွဲ့မှုအား အောင်မြင်စွာ လုပ်ဆောင်၍ လိုအပ်လာပါက ကျန်ကာကွယ်ရေး အဖွဲ့အစည်းများအား ဖိတ်ခေါ် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ CDF-Hualngoram ၊ CDF – Tonzang ၊ CDM-Siyin ၊ LDF - New Haimual ၊ People Defence Army (PDA) ၊ PDF Zoland ၊ Zogam Army နဲ့ Zomi PDF တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ချင်းလူမျိုးများ အကြားတွင် မတူကွဲပြားသော အကြောင်းအရာများ ရှိပြီး ၎င်း ကွဲပြားမှုကို လက်ခံနိုင်ရမည် ဖြစ်ကြောင်း ယခု တွေ့ဆုံမှုမှတစ်ဆင့် အင်အားကောင်းသော စုဖွဲ့မှုနှင့် လက်တွဲ နိုင်ရေး ရည်ရွယ်ကြောင်း ချင်းပြည်နယ်တွင် CJDC ၏ စုဖွဲ့မှုက အကောင်းဆုံးနှင့် အထိရောက်ဆုံး ဖြစ်သော်လည်း အားလုံးကို လွှမ်းခြုံနိုင်ရန် ခက်ခဲနေသေးကြောင်း အဖွဲ့အစည်းများသည် တော်လှန်ရေး အင်အားစုများ ဖြစ်၍ လိုအပ်ချက်အရ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူက ပြောသည်။

တွေ့ဆုံ ဆွေးနွေးမှုများအား မြေပြင်ရှိ ခေါင်းဆောင်များ တက်ရောက်စေလိုကြောင်း မြေပြင်ရှိ အခြေအနေမှန်များနှင့် ကိုက်ညီသော အသံများ ဆွေးနွေးမှုများကသာ ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် ညီညွတ်ရေး ဖြစ်ပေါ်စေနိုင်ကြောင်း ထပ်မံ ပြောဆိုသည်။

ချင်းပြည်နယ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ ၁၈ဖွဲ့ စုပေါင်း ဖွဲ့စည်းထားသော Chinland Joint Defense Committee ရှိပြီး ယခု အစည်းအဝေးကို CJDC အဖွဲ့ဝင်အချို့ တက်ရောက်ကြောင်း သိရသည်။

#Mizzima

#တီးတိန်မြို့နယ်

#တွန်းဇံမြို့နယ်

#CDF_Hualngoram

#CJDC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required