ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းဆွဲခံရပြီးနောက် ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

By ထွန်းထွန်းဝင်း၊ လွှမ်းမိုး
18 May 2022
ကနီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ တိုက်မိုင်းဆွဲခံရပြီးနောက် ကျေးရွာ ၂ ရွာကို မီးရှို့ဖျက်ဆီး

မေ ၁၈

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ မြသိန်းတန် ဘုရားကုန်းပေါ်မှ မေလ ၁၈ ရက်နေ့ နံနက် ၆ နာရီခွဲခန့်အချိန်က ဆင်းလာသည့် အင်အား၂၀၀ ဝန်းကျင်ခန့်ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဒေသခံကာကွယ်ရေးပူးပေါင်းတပ်များက တိုက်မိုင်း  ရှစ်လုံး ဆွဲခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ အယောက် ၂၀ ထက်မနည်း သေဆုံးမှုရှိသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့က အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

မေလ ၁၇ ရက်နေ့ ညပိုင်းအချိန်က စတင်ပြီး မြသိန်းတန်ဘုရားကုန်းပေါ်တွင် အင်အား အယောက် ၂၀၀ ဝန်းကျင်ခန့်ပါဝင်သည့် စစ်ကောင်စီတပ်က လာရောက် တပ်စွဲထားခြင်းဖြစ်သည်။

ယနေ့ မေလ ၁၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တပ်စွဲထားသည့်နေရာမှ စစ်ကြောင်း ပြန်လည်ထွက်ခွာချိန်တွင် တိုက်မိုင်းများ၊ လက်နက်ကြီးများ ဖြင့် ဒေသကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

“မြသိန်းတန်ဘုရား ပတ်ပတ်လည်မှာတိုက်မိုင်းတွေဆင်ထားတာပါ။ ဒီကောင်တွေက စပြီး လှုပ်ရှားတဲ့အခါမှာ တိုက်မိုင်းစမိတာပါ။ ရှေ့ကင်းရဲဘော်တွေ  မြင်ရသလောက်က ပထမတစ်လုံးက စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးမှုရှိတယ်။ သူတို့တက်တော့ တိုက်မိုင်း နှစ်လုံးထပ်ကွဲတယ်။ သူတို့က ရှေ့ဆက်မတိုးပဲ ရေဘုတလင်ကျေးရွာကို သွားတယ်”ဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ကျောက်လုံးကြီးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက မဇ္စျိမသတင်းဌာနကို ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့စစ်ကြောင်းသည် ယနေ့ နံနက် ၈နာရီအချိန်တွင် ရေဘုတလင်ကျေးရွာသို့ရောက်ရှိနေပြီး မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေကြောင်း၊ ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့နေသည့်အခြေအနေကို လှမ်း၍မြင်တွေ့ရသည်မှာ ရွာလုံးကျွတ်နီးပါး ပျက်စီးမှုရှိနိုင်ကြောင်း၊  မီးရှို့ဖျက်ဆီးခံရသည့် ရေဘုတလင်ကအထွက်တွင် ကာကွယ်ရေးတပ်ဖွဲ့က ဆင်ထားသည့် တိုက်မိုင်းများကြောင့် စစ်ကောင်စီတပ်ဖွဲ့က သေဆုံးမှုအများအပြားရှိနိုင်ကြောင်း၊ ရေဘုတင်လင်ရွာမှ ထွက်ပြီး ချောင်းဝကြီးကျေးရွာဘက်သို့ ထွက်ခွါသွားပြီး ထပ်မံ၍ မီးရှို့ဖျက်ဆီးမှုများပြုလုပ်နေသည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့က တိုက်မိုင်း ခွဲခြင်းနှင့် လက်နက်ကြီး ပစ်ခတ်ခြင်းများ ပြုလုပ်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ အယောက် ၂၀ ကျော်သေဆုံးမှုရှိနိုင်ကြောင်း ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ကျောက်လုံးကြီးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တိုက်မိုင်းတိုက်ခိုက်ခြင်းခံခဲ့ရသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းသည် ရေဘုတလင်ကျေးရွာ နှင့် ချောင်းဝကြီး ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် ဒေသခံပြည်သူများက ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်းက ချောင်းဝကြီး ကျေးရွာအနီးတွင် တပ်စွဲထားကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။ 

ယနေ့ မေလ ၁၈ ရက်နေ့ မြသိန်းတန်ဘုရားကုန်းပေါ်က ခြေလျင်ဆင်းလာသည့်စစ်ကြောင်းကို KLG PDF၊M&K the Boy၊People Defence Army Yinmarbin (PDA)နှင့် ဒေသခံ ပကဖအဖွဲ့များပူးပေါင်းပြီး တိုက်မိုင်းများ ၊ လက်နက်ကြီး များဖြင့် ပြောက်ကျားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ 

မြသိန်းတန် ဘုရားကုန်းပေါတွင် တပ်ဆွဲသည့် စစ်ကောင်စီစစ်ကြောင်းမှာ ဘုတင်လင်မြို့နယ် မှာထွက်ခွာလာခဲ့သည့် စစ်ကြောင်းဖြစ်ပြီး ယမန့် မေလ ၁၇ ရက်နေ့  ညနေ ၄နာရီ မိနစ် ၃၀ အချိန်ခန့် က KLG PDF၊ M&K The Boy PDFနှင့် ဒေသခံ ပကဖအဖွဲ့များ ပူးပေါင်းပြီး တိုက်မိုင်းများ ဖြင့် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ကနီမြို့ အရှေ့တောင်ဘက် ၁၄ မိုင်ခန့်အကွာရှိ မြသိန်းတန်ဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့စစ်ကြောင်းထိုးရာ လမ်းကြောင်းကို တိုက်မိုင်းများဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဥ်သည် မေလ ၁၈ ရက် နံနက် ၆ နာရီ အချိန်ခန့်တွင် စတင်ဖြစ်ပွါးခဲ့ပြီး တိုက်မိုင်းများ၊ လက်နက်ကြီးများကို အဓိကထား အသုံးပြု၍ ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#Mizzima 
#စစ်ကိုင်းတိုင်း 
#ကနီမြို့နယ်
#မြသိန်းတန်ဘုရားကုန်း
#စစ်ကောင်စီတပ်သား 
#ကာကွယ်ရေးတပ်ဖွဲ့
#တိုက်မိုင်း
#လက်နက်ကြီး
#မီးရှို့ဖျက်ဆီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly