ပြန်လည်ပညာပေးရေးစခန်း အကြောင်း ကုလသမဂ္ဂအဖွဲ့လာရောက်သည့် ခရီးစဉ်အတွင်း မပြောရန် ဝီဂါများကို တရုတ်အစိုးရက ကြိုတင်သတိပေးထား

ပြန်လည်ပညာပေးရေးစခန်း အကြောင်း ကုလသမဂ္ဂအဖွဲ့လာရောက်သည့် ခရီးစဉ်အတွင်း မပြောရန် ဝီဂါများကို တရုတ်အစိုးရက ကြိုတင်သတိပေးထား

တရုတ်အစိုးရသည် အကျဉ်းစခန်းများအကြောင်း ဆွေးနွေးခြင်းမပြုရန် ဝီဂါများအား တားမြစ်ညွှန်ကြားချက် အသစ်ကို ကုလသမဂ္ဂအဖွဲ့၏ ရှင်ကျန်းခရီးစဉ်မတိုင်မီ ထုတ်ပြန်လိုက်သည်။

ညွှန်ကြားချက်တွင် အနောက်မြောက်ပိုင်းပြည်နယ်မှလူများအနေဖြင့် နိုင်ငံတကာဖုန်းနံပါတ်များဖြင့် ခေါ်ဆိုမှုကို လက်ခံခြင်းမပြုရန်လည်း ပါရှိသည်ဟု RFA ၌ ဖော်ပြထားသည်။

ရဲတပ်ဖွဲ့သည် ကုလသမဂ္ဂ၏လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး မစ်ရှဲလ်ဘက်ချ်လက်၏ ယခုလခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်မှုနှင့်ပတ်သက်ပြီး အစိုးရ၏ အထူးသတိပေးချက်ကိုလည်း ရရှိထားကြောင်း ဒေသတွင်း ရဲအရာရှိတစ်ဦးက RFA သို့ ပြောသည်။

“လူ့အခွင့်အရေးမဟာမင်းကြီးရုံးရဲ့ ကြိုတင်ပြင်ဆင်ရေးအဖွဲ့က တရုတ်နိုင်ငံကို ရောက်ရှိနေပြီး သက်ဆိုင်ရာ ကိုဗစ်-၁၉  တိုက်ဖျက်ရေးလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အသွားအလာကန့်သတ်ထားပါတယ်။ ကြိုတင်ပြင်ဆင်ရေးအဖွဲ့ဟာ လုပ်ငန်းတွေစနေပြီး ခရီးစဉ်အတွက် သတ်မှတ်အစီအစဉ်တွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးနေကြပါပြီ ” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောင်းလီကျန်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး၏ စီစဉ်ထားသောတရုတ်ခရီးစဉ်သည် ယုံကြည်စိတ်ချရလောက်သော အနည်းဆုံးစံချိန်စံညွှန်းများ ရှိသင့်သည်ဟု လူ့အခွင့်ရေးအဖွဲ့များစွာက ပြောခဲ့ကြသည်။

နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) နှင့် အခြားအဖွဲ့ ၅၉ ဖွဲ့တို့က ခရီးစဉ်အား တရုတ်အစိုးရက ကြိုးကိုင်ခြင်းမှ တားဆီးနိုင်ရေးအတွက် ခြေလှမ်းများစွာလုပ်ဆောင်ရန် မစ်ရှဲလ် ဘက်ချ်လက်အား တိုက်တွန်းခဲ့သည်။

တရုတ်အစိုးရသည် ရှင်ကျန်းရှိ ဝီဂါများနှင့် တခြားတာကစ်လူမျိုစုများအား လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ရာရောက်သည့် အစုလိုက်အပြုံလိုက်ထိန်းသိမ်းခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ ယဉ်ကျေးမှုဆိုင်ရာ ဖိစီးနှိပ်စက်ခြင်းနှင့် အခြားသောပြစ်မှုများကို ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျကျူးလွန်ထားသည်ဟု လူ့အခွင့်အရေးအဖွဲ့ ဒါဇင်ပေါင်းများစွာက ပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly