မြန်မာ့အရေး၌ ငြိမ်းချမ်းသော အဖြေ ရရှိနိုင်ရန် ဆတက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်းမည်ဟု အာဆီယံနှင့် အမေရိကန် ပူးတွဲထုတ်ပြန်

မြန်မာ့အရေး၌ ငြိမ်းချမ်းသော အဖြေ ရရှိနိုင်ရန် ဆတက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်းမည်ဟု အာဆီယံနှင့် အမေရိကန် ပူးတွဲထုတ်ပြန်
Photo - AFP

မေ ၁၅

အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ)နှင့် အမေရိကန်တို့သည် မြန်မာ့အရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာရန် ၎င်းတို့၏ စုပေါင်းအားထုတ်မှုများကို ဆတက်ထမ်းပိုး ပြုလုပ်သွားကြမည်ဖြစ်သည်။

ဝါရှင်တန်ဒီစီ၌ ပထမဆုံး ကျင်းပခဲ့သည့် အာဆီယံ-အမေရိကန် ထိပ်သီးတွေ့ဆုံပွဲအပြီး ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်တို့အနေဖြင့် မြန်မာ၏ အကျပ်အတည်းနှင့် ပတ်သက်ပြီး အထူးပင် စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်ဟု ပြောသည်။

ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းတို့၏ စိတ်ပိုင်းဖြတ်နှစ်မြုပ်ထားမှုကို ခေါင်းဆောင်များက ထပ်လောင်း ပြောဆိုခဲ့ပြီး မြန်မာတွင် အကြမ်းဖက်မှု ချက်ချင်း ရပ်စဲရေးကို ဆက်လက် တောင်းဆိုခဲ့သလို နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးရေး တောင်းဆိုခဲ့သည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မိမိတို့ဟာ မြန်မာ့အရေးမှာ ငြိမ်းချမ်းစွာ အဖြေရှာဖို့ စုပေါင်းအားထုတ်မှုတွေကို ဆတက်ထမ်းပိုး လုပ်သွားမှာပါ။ အဲဒါက အာဆီယံပဋိညာဉ်မှာ ဖော်ပြထားတဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအပေါ် ဆက်လက် နှစ်မြှုပ်စိတ်ပိုင်းဖြတ်ထားမှုကို ထင်ဟပ်ပါတယ်” ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ဒီလို အရေးကြီးတဲ့ အားထုတ်မှုမှာ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုရဲ့ အကျိုးရလဒ် ရစေဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်နဲ့ မြန်မာဆိုင်ရာ အာဆီယံအထူးသံတမန်အကြား နီးနီးကပ်ကပ် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုကို မိမိတို့ ကြိုဆိုပါတယ်” ဟု ယင်းထုတ်ပြန်ချက်တွင် ပြောသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်၏ လုပ်ကိုင်ဆောင်ရွက်မှုကနေတစ်ဆင့် အပါအဝင် မြန်မာပြည်သူများ၏ အကျိုးအတွက် ငြိမ်းချမ်းသော အဖြေတစ်ရပ် ရှာရန်၊ သက်ဆိုင်ပတ်သက်သူ အားလုံးနှင့် အပြည့်အဝ တွေ့ဆုံနိုင်မှုနှင့်အတူ ယုံကြည်မှု တည်ဆောက်ရန်၊ ခွဲခြားဆက်ဆံမှုမရှိဘဲ အကူအညီများကို အရေးတကြီး လိုအပ်နေသူများအပါအဝင် မြန်မာပြည်သူများကို လူသားချင်းစာနာမှု အကူအညီများ ထိရောက်မြန်ဆန်စွာ ပေးပို့နိုင်ရန်အတွက် အာဆီယံ၏ အားထုတ်မှုများကို အမေရိကန်က ဆက်လက် ပံ့ပိုးထောက်ခံသွားမည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။  

ထို့ပြင် အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ကို အချိန်မီ၊ ပြည့်စုံစွာ အကောင်အထည်ဖော်ရေး အာဆီယံနှင့် အမေရိကန်က တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required