ရန်ကုန်၊ ဖေဖော်ဝါရီ ၃။ ။၂၀၁၅ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က လွှတ်တော်များအတွင်း ရေးရာကော်မတီများဖွဲ့စည်းပြီးပါက သမ္မတအမည်စာရင်းကို တင်သွင်းသွားရန်ရှိသည်ဟု ပါတီဗဟိုအလုပ် အမှုဆောင် ဦးထွန်းထွန်းဟိန်က ဖေဖော်ဝါရီ ၁ရက်နေ့တွင်ပြောသည်။
၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် နောင်ချို မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ NLD ပါတီဗဟိုအလုပ်အမှုဆောင်လည်း ဖြစ်သူ ဦးထွန်းထွန်းဟိန်က မဇ္ဈိမကိုဖြေကြားခဲ့ခြင်းဖြစ်သည်။
"အန်ကယ်သိသလောက်တော့ လွှတ်တော်ရေးရာကော်မတီတွေဖွဲ့မယ့် ပြီးရင်သမ္မတရွေးမယ်ပေါ့လေ။ အမည် စာရင်းတင်သွင်းရမှာတွေရှိပါတယ်။ သမ္မတအမည်စာရင်းတင်သွင်းပြီးတော့မှ သမ္မတကနေအစိုးရအဖွဲ့ ဖွဲ့ဖို့က ဖြစ်နိုင်တာပါ။ အဲဒါထိအန်ကယ်ယူဆချက်အရပြောမယ်ဆိုရင်တော့ အန်ကယ်တို့က မတ်လ မှပဲအစိုးရအဖွဲ့မှာ ဘယ်သူတွေပါနိုင်မယ်ဆိုတာကို စဉ်းစားလို့ရမယ်လို့ပြောချင်တယ်။" ဟု ဦးထွန်းထွန်းဟိန်ကပြောသည်။
လက်ရှိပြည်သူ့လွှတ်တော်၌ အမြဲတမ်းကော်မတီ ၄ခုအပါအဝင် ရေးရာကော်မတီ/ကော်မရှင် ၂၄ခုနှင့်၊ အမျိုးသားလွှတ်တော်၌မူ ရေးရာကော်မတီ/ကော်မရှင် ၂၁ခုထိရှိသည်။
ပါတီ၏ နာယကတစ်ဦးဖြစ်သူ ဦးတင်ဦးကလည်း နိုင်ငံကိုဦးဆောင်မည့်သူ သမ္မတက ဒေါ်အောင်ဆန်းစု ကြည်သာ ဖြစ်ရမည်ဟု ဖေဖော်ဝါရီ ၂ရက်နေ့က သတင်းမီဒီယာများကိုပြောကြားထားသည်။
၂၀၀၈ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ)ပါ မိမိ၏ တရားဝင်ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ချွေးမ၊ သားမတ်တို့ကနိုင်ငံခြားသားမဖြစ်စေရဆိုသည့် ပြဋ္ဌာန်းချက်အရဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်နိုင်ရေးကို တားမြစ်ခံထား ရသည်။
ရွေးကောက်ပွဲအနိုင်ရပါတီ NLD ကတင်သွင်းမည့် သမ္မတအပါအဝင်အစိုးရအဖွဲ့ကိုမူ ပြည်သူများသို့ ချပြနိုင်ခြင်း မရှိသေးသည့်အပြင် ပါတီအတွင်း အပြီးအစီးဆုံးဖြတ်နိုင်ခြင်းမရှိသေးကြောင်းနှင့် ဗဟိုအလုပ်အမှုဆောင် (စီအီးစီ) အစည်းအဝေးဖြင့်ဆုံးဖြတ်သွားမည်ဟုလည်း ၎င်းကပြောသည်။
"အန်ကယ်သိသလောက် အစိုးရဖွဲ့ဖို့ရွေးတာ စီအီးစီမှာ ဆုံးဖြတ်ချက်မကျသေးဘူး။ ပြောချင်တာက NLD ကစုပေါင်းပြီးခေါင်းဆောင်တဲ့ နိုင်ငံရေးပါတီပါ။ စီအီးစီဆုံး ဖြတ်ချက်ကျမှသာ အတည်ဖြစ်လာနိုင်တာပါ။ နေပြည်တော်မှာ စီအီးစီ ၁၅ဦးမှာ နေပြည်တော် ၉ဦး၊ နယ် ၂ဦး၊ ကျန်တာ ရန်ကုန်မှာ၄ ဦးရှိတယ်။ အများစု ဆုံးဖြတ်တာ အတည်ဖြစ်မှာပါ။" ဟု ဦးထွန်းထွန်းဟိန်ကဆိုသည်။
NLD၏ စီအီးစီအစည်းအဝေးကို တစ်လလျှင်နှစ်ကြိမ်( ၁၅ရက်တစ်ကြိမ်) ပုံမှန်ကျင်းနေပြီး အရေးကြီး အကြောင်းအရာများ ရှိပါက အရေးပေါ်အစည်းအဝေးများကို ခေါ်ယူကျင်းပလေ့ရှိသည်။ ပုံမှန် စီးအီးစီအစည်းအဝေးကို ဇန်နဝါရီ ၄ရက်နေ့တွင် ပြုလုပ်ခဲ့ပြီးဖြစ်သည်ဟု NLD ဗဟိုအလုပ်အမှုဆောင် ဒေါ်နန်းခင်ထွေးမြင့်ကဆိုသည်။
လက်ရှိတွင် NLD ပါတီက ဖေဖော်ဝါရီ ၁ရက်နေ့တွင်စတင်ကျင်းပခဲ့သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်၌ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများအဖြစ် ဦးဝင်းမြင့်နှင့် ဦးတီခွန်မြတ်တို့ကို ရွေးချယ်ပြီးဖြစ်သည်။ ဖေဖော်ဝါရီ ၃ရက် (ယနေ့) တွင်စတင်ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌများအဖြစ် ဦးမန်းဝင်းခိုင်သန်းနှင့် ဦးအေးသာအောင်တို့ကို ရွေးချယ်လိုက်သည်။
NLD က ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၏ ပြည်သူ့လွှတ်တော်နေရာ ၂၅၅နေရာ၊ အမျိုးသားလွှတ်တော် ၁၃၅နေရာ၊ တိုင်း၊ပြည်နယ်လွှတ်တော် ၄၇၅နေရာနှင့် တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ် ၂၁နေရာတို့ကို အနိုင်ရရှိထားသည့် ပါတီလည်းဖြစ်သည်။