မေ ၁၃
မြောက်ကိုရီးယားတွင် တစ်နိုင်ငံလုံးအနှံ့ ဖျားနာခြင်းများ ‘ကြီးမားစွာ’ ဖြစ်ပွားနေပြီး လူထောင်ပေါင်းများစွာကို သီးခြားခွဲထားရကာ နာမကျန်းဖြစ်ခြင်းများကို ကုသပေးနေရကြောင်း ပြောဆိုလျက် သောကြာနေ့တွင် COVID-19 ကြောင့် ပထမဆုံး လူသေဆုံးမှု ဖြစ်ကြောင်း အတည်ပြုလာသည်။
နျူကလီးယား လက်နက်နိုင်ငံ မြောက်ကိုရီးယားသည် COVID-19 ကူးစက်မှု ဖြစ်ကြောင်းကို ကြာသပတေးနေ့ကမှ အတည်ပြုလာခြင်းဖြစ်ပြီး ပြုံယမ်းမြို့တော်တွင် ဖျားနာသော လူနာများ၌ အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ တွေ့ရှိပြီးနောက် “အကြီးစား အရေးပေါ် ကပ်ဘေး တားဆီးကာကွယ်ရေး”ကို ဆောင်ရွက်ပြီဖြစ်ကြောင်း ဆိုလာခြင်း ဖြစ်သည်။
မြောက်ကိုရီးယားသည် ၂၀၂၀ ကပ်ဘေး စတင်ဖြစ်ပွားချိန်မှစကာ ကိုရိုနာဗိုင်းရပ်စ် တားဆီးကာကွယ်ရေးအဖြစ် နိုင်ငံကို ပိတ်ထားခြင်းဖြစ်သော်လည်း အိမ်နီးချင်းနိုင်ငံအားလုံးတွင် ကြီးမားစွာ အိုမီခရွမ် ကူးစက်ပြန့်နှံ့မှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။
“အမျိုးအမည်မသိတဲ့ ဖျားနာတာတွေ ဧပြီလနှောင်းပိုင်းကစလို့ တစ်နိုင်ငံလုံး ကြီးမားစွာ ကူးစက်ဖြစ်ပွားတာ ဖြစ်ပါတယ်”ဟု နိုင်ငံပိုင် KCNA သတင်းဌာနက ပြောသည်။
“လူခြောက်ဦး သေဆုံးရပြီး တစ်ဦးမှာ အိုမီခရွန်ရဲ့ BA.2 မျိုးကွဲ စစ်ဆေးတွေ့ရှိရတာ ဖြစ်ပါတယ်”ဟု ယင်း သတင်းဌာနက ဖြည့်စွက်ဆိုသည်။
လူဦးရေ ၂၅ သန်းက COVID-19 ကာကွယ်ဆေး မထိုးနှံရသေးခြင်းနှင့်အတူ မြောက်ကိုရီးယား၏ ယိုယွင်းနေသော ကျန်းမာရေး အခြေခံ အဆောက်အအုံသည် ကူးစက်ဖြစ်ပွားမှုကြီးကို ကိုင်တွယ်ဖြေရှင်းရန် ရုန်းကန်ရလိမ့်မည်ဟု ပညာရှင်များက ပြောကြသည်။
“မေ ၁၂ ရက် တစ်ရက်တည်းမှာတင် နိုင်ငံအနှံ့မှာ လူ ၁၈၀၀၀ ခန့် နာဖျားမကျန်း ဖြစ်ကြတယ်၊ အခုထိဆို လူပေါင်း ၁၈၇,၈၀၀ နီးပါးကို သီးခြားခွဲထားပြီး ကုသပေးနေရတယ်”ဟု KCNA က ပြောသည်။
နိုင်ငံပိုင်ရုပ်သံတွင် ပထမဆုံးအဖြစ် နှာခေါင်းစည်း တပ်ထားသည်ကို မြင်တွေ့ရသော ခေါင်းဆောင် ကင်ဂျုံးအွန်က ကြာသပတေးနေ့က ပေါ်လစ်ဗျူရို၏ အရေးပေါ် အစည်းအဝေးကို ကြီးကြပ်ကွပ်ကဲပြီး ဗိုင်းရပ်စ်ပြန့်နှံ့မှုကို တားဆီးကာကွယ်ရေးအတွက် တစ်နိုင်ငံလုံး လော့ဒေါင်းချရန် အမိန့်ထုတ်ခဲ့သည်။
နိုင်ငံတော် အရေးပေါ် ကပ်ဘေးတားဆီးရေး ဌာနချုပ်ဆီ ကင်ဂျုံးအွန်က သွားရောက်ခဲ့ပြီး နိုင်ငံတစ်လွှား COVID-19 ကူးစက်ပြန့်နှံ့မှုအကြောင်းကို မေးမြန်းလေ့လာခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။