အင်တာနက်လိုင်းများ ပြန်မဖွင့်ပါက ဆက်သွယ်ရေးတာဝါတိုင်များ ဖြိုချမည်ဟု ထီးလင်း PDF သတိပေး

အင်တာနက်လိုင်းများ ပြန်မဖွင့်ပါက ဆက်သွယ်ရေးတာဝါတိုင်များ ဖြိုချမည်ဟု ထီးလင်း PDF သတိပေး

မေ ၁၂

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အင်တာနက်လိုင်းများ တစ်လအတွင်း ပြန်မဖွင့်ပေးပါက ဆက်သွယ်ရေး တာဝါတိုင်များ ဖြိုချ ဖျက်ဆီးမည်ဟု ထီးလင်း PDF က ယနေ့ မေလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီသည် ထီးလင်းမြို့နယ် အတွင်း အင်တာနက်လိုင်း များအား ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ စတင် ဖြတ်တောက်ထားရာ ယခု ကိုးလဝန်းကျင် ကြာမြင့်နေပြီ ဖြစ်သည်။

"ဆက်သွယ်ရေး ကုမ္ပဏီများ အနေဖြင့် ထမင်းရှင် ပြည်သူများ၏ မျက်နှာကို မကြည့်ဘဲ စစ်ကောင်စီ အလိုကျ အင်တာနက် ဖြတ်တောက်ခြင်း၊ ဖုန်းလိုင်း ဖြတ်တောက်ခြင်းများ ပြုလုပ်နေပြီး Consumer rights (စားသုံးသူ အခွင့်အရေး) ချိုးဖောက် နေခြင်းများကို ယခု ချက်ချင်း ရပ်တန့်၍ ထီးလင်း တစ်မြို့နယ်လုံးအား အင်တာနက် ပြန်ဖွင့်ပေးရန်" ဟု တောင်းဆိုထားသည်။

ယနေ့မှစ၍ တစ်လအတွင်း အင်တာနက်လိုင်းများ ပြန်မဖွင့်ပေးပါက ဆက်သွယ်ရေး တာဝါတိုင်များအား တစ်စစီ ဖြိုချကာ တော်လှန်ရေးအတွက် အသုံးပြုမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ထီးလင်းမြို့နယ် ဧရိယာ ၅၀ ရာခိုင်နှုန်းခန့်သာ ပုံမှန် ဖုန်းလိုင်း ရရှိပြီး စစ်ကောင်စီမှ စစ်ကြောင်းထိုး ချိန်များတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းကြောင့် ပြည်သူများ သတင်းမရရှိဘဲ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ဖော်ပြထားသည်။

#Mizzima

#ထီးလင်းမြို့နယ်

#PDF

#အင်တာနက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly