ကျိုက်ထိုတွင် ပစ်ခတ်ခံရသည့်စစ်ကောင်စီယာဉ်တန်း ဘီးလင်းတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

By မေဘယ်လ်သူ
11 May 2022
ကျိုက်ထိုတွင် ပစ်ခတ်ခံရသည့်စစ်ကောင်စီယာဉ်တန်း ဘီးလင်းတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ

ကျိုက်ထိုတွင် ပစ်ခတ်ခံရသည့် စစ်ကောင်စီယာဉ်တန်းအား မေလ ၁၀ ရက်နေ့တွင် နောက်ထပ် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ထံမှသိရသည်။

မေလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ပဲခူးတိုင်း ဝေါမြို့ဘက်မှထွက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း ၁၃ စီးအား ကျိုက်ထို အင်္ဂဘိုဒေသ၌ KNU/KNLA တပ်မဟာ(၁)၊ တပ်ရင်း(၃) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

တိုက်ခိုက်ခံရသည့် အဆိုပါစစ်ယာဉ်တန်းအား မေလ ၁၀ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဘီးလင်းမြို့ အထွက် ဒေါက်ရပ်ရွာတွင် KNU တပ်မဟာ(၁) တပ်ရင်း(၂)၊ တပ်ခွဲ(၃)နှင့် ဘီးလင်းပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ ပကဖပူးပေါင်း အဖွဲ့တို့မှ ပထမအကြိမ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ထပ်မံ၍ မွန်းလွဲ ၂ နာရီခန့်တွင် ဘီးလင်းအထွက် တောင်ကလေးရွာအနီးတွင် ဒုတိယအကြိမ် မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။

“ ပထမအကြိမ် ဒေါက်ရပ်ရွာအနီးတိုက်ခိုက်မှုမှာ စစ်ကားနှစ်စီးပျက်စီးတယ်။ စစ်ကောင်စီတပ်က တစ်ဦး သေဆုံးပြီးတော့ တစ်ဦးဒဏ်ရာရခဲ့တယ်။ ဒုတိယအကြိမ် တောင်ကလေးရွာအနီး တိုက်ခိုက်မှုမှာလည်း ထိခိုက်မှု အနည်းငယ်ရှိခဲ့ပါတယ်” ဟု ဘီးလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

ရုပ်သံ - စစ်ကောင်စီယာဉ်တန်းအား ကျိုက်ထို အင်္ဂဘိုအနီးတွင် KNU/KNLA ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ် တိုက်ခိုက်စဉ်

#Mizzima

#စစ်ကောင်စီယာဉ်တန်း

#ဘီးလင်း

#KNU/KNLA

#မိုင်းဆွဲတိုက်ခိုက်

#PDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly