ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၁၈ စင်း ကျူးကျော်ဝင်ရောက်

ထိုင်ဝမ်လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်းသို့ တရုတ်စစ်လေယာဉ် ၁၈ စင်း ကျူးကျော်ဝင်ရောက်

တရုတ်စစ်လေယာဉ် ၁၈ စင်းသည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ထိုင်ဝမ်က မေ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ လေယာဉ်များတွင် J-11 တိုက်လေယာဉ် ၆ စင်း ၊ J-16 တိုက်လေယာဉ် ၆ စင်း၊ ရှီအန်း H-6 ဗုံးကြဲလေယာဉ် ၂ စင်း၊ KJ-500 ဝေဟင်ကြိုတင်သတိပေးရေးနှင့် ထိန်းချုပ်ရေးလေယာဉ် ၂ စင်း၊ ရှန်းရှီး Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ဆင်ရေးလေယာဉ် ၁ စင်းနှင့် ရှန်းရှီး Y-8 အီလက်ထရွန်နစ်စစ်ပွဲလေယာဉ် ၁ စင်းတို့ဖြစ်ကြောင်း Taiwan News သတင်းတွင် ဖော်ပြသည်။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးလေယာဉ် Y-8 နှင့် H-6 ဗုံးကြဲလေယာဉ် ၂ စင်းတို့သည် ထိုင်ဝမ်လေကြောင်းရန်ကာကွယ်သတ်မှတ်ဇုန်၏ အနောက်တောင်နှင့် အရှေ့တောင်ထောင့်များကို ဖြတ်သန်းသွားပြီး တခြားလေယာဉ်များမှာ ကျူးကျော်မှုအများဆုံးတွေ့ရသည့် အနောက်တောင်မှ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုင်ဝမ်လေတပ်က ယခင်ဖြစ်စဉ်များကဲ့သို့ပင် လေယာဉ်များစေလွှတ်ပြီး ရေဒီယိုသတိပေးချက်ထုတ်ပြန်ကာ တရုတ်လေယာဉ်များကို ခြေရာခံရန်
လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်များ တပ်ဖြန့်ခဲ့ကြောင်း Taiwan News က ဖော်ပြသည်။ ၂၀၂၂ ခုနှစ်တွင် ယနေ့အချိန်အထိ တစ်ရက်အတွင်း လေယာဉ်ကျူးကျော်ဝင်ရောက်မှုအများဆုံးကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရှိခဲ့ပြီး တရုတ်လေတပ် (PLAAF) မှ လေယာဉ် ၃၉ စင်း ပျံသန်းခဲ့သည်ကို တွေ့ရှိခဲ့သည်။

ထိုင်ဝမ်သည် အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် ဗျူဟာမြောက်ဆက်ဆံရေးတိုးမြှင့်ခြင်းအားဖြင့် တရုတ်၏ ရန်လိုမှုကို ရင်ဆိုင်နေရသည်။ ထိုင်ဝမ်၏ လွတ်လပ်ရေးသည် စစ်ပွဲဟု အဓိပ္ပါယ်သက်ရောက်ကြောင်း တရုတ်က ခြိမ်းခြောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly