ဖရူဆိုမြို့နယ်၌ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ၂၀ ဦးသေ ၆ ဦး ဖမ်းဆီးမိဟု ကာကွယ်ရေးပူးပေါင်းတပ်များဆို

08 May 2022
ဖရူဆိုမြို့နယ်၌ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ၊ ၂၀ ဦးသေ ၆ ဦး ဖမ်းဆီးမိဟု ကာကွယ်ရေးပူးပေါင်းတပ်များဆို

မေ ၈

ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် မာခရော်ရှေ့ ရွာနှင့် လောကျေခူရွာသစ် ကျေးရွာ ကြား၌ စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၀ ဦး ထက်မနည်း သေဆုံးကာ စစ်ကားလေးစီးကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း KNDF တပ်ရင်း (၁၅) က ယနေ့ မေလ ၈ ရက်နေ့တွင် သတင်း ထုတ်ပြန်ထားသည်။

ကရင်နီတပ်မတော် (KA) နှင့် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) ပူးပေါင်းတပ် တို့က ယမန်နေ့ မေလ ၇ ရက်နေ့၊ နံနက် ၈ နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ခြောက်ဦးကိုလည်း လက်ရ အရှင် ဖမ်းမိခဲ့သည်။

အဆိုပါ တိုက်ပွဲနှင့် ပတ်သက်ပြီး KNDF ဘက်က ယနေ့ ထုတ်ပြန်လာသော ရုပ်သံဖိုင်တွင် စစ်ကောင်စီ ထောက်ပို့ကားများ လမ်းမပေါ်တွင် မီးလောင်ကျွမ်းနေပြီး စစ်သား အများအပြား သေဆုံး နေသည်ကို တွေ့မြင်ရသည်။

ယင်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က သိမ်းဆည်း ရမိသည့် လက်နက် ခဲယမ်းများနှင့် စစ်အသုံးအဆောင် ပစ္စည်းများကိုလည်း ရုပ်သံဖိုင်နှင့်တကွ KNDF က ထုတ်ပြန်ထားသည်။

ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာနှင့် လောကျေခူရွာသစ် ကျေးရွာကြားတွင် မေလ ၆ ရက်နေ့၊ မွန်းလွဲပိုင်းကလည်း KNDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယင်းတိုက်ပွဲတွင် KNDF ဘက်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ကရင်နီ ပြည်နယ်တွင် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ အကြား နေ့စဉ် ထိတွေ့တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း တိုက်ခိုက်မှုအပြင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ် နေသည်။

#Mizzima

#မာခရော်ရှေ့ ရွာ

#လောကျေခူရွာသစ်

#ကရင်နီတပ်မတော်(KA)

#ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly