ရွှေဘိုမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းများကို လမ်းပြသည့် ပျူစောထီးဒလန်ဆိုသူ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

08 May 2022
ရွှေဘိုမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့၏ စခန်းများကို လမ်းပြသည့် ပျူစောထီးဒလန်ဆိုသူ ၂ ဦး ပစ်ခတ်ခံရ၍ သေဆုံး

မေ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့များ၏ စခန်းများကို စစ်ကောင်စီထံ လမ်းပြခဲ့သည့် ပျူစောထီးဒလန်ဆိုသူနှစ်ဦးကို ပစ်ခတ်လိုက်ရာ သေဆုံးသွားကြောင်း Black Wolf PDF တာဝန်ရှိသူက ပြောသည်။

ရွှေဘိုမြို့ တအုံကျေးရွာမှ ပျူစောထီးဒလန်ဟု နာမည်ထွက်နေသူ ဆံရှည်နှင့် ရန်မျိူးအောင်ဆိုသူနှစ်ဦးကို ယမန်နေ့ မေလ ၇ ရက်နေ့က ထန်းရည်သောက်နေစဉ် ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု သိရသည်။

“သူတို့နှစ်ယောက်က ကော့ရွာက ပျူဒလန်တွေနဲ့ ပေါင်းပြီး ကိုအေးလင်းဆိုတဲ့ အပြစ်မဲ့ပြည်သူတစ်ဦးကို သတ်ခဲ့တယ်။ ပြီးတော့ တပ်ပေါင်းစုတွေရဲ့ စခန်းတွေကို လမ်းပြခဲ့တယ်။ အဲ့လို ဒလန်လုပ်ခဲ့တာတွေ ရှိခဲ့ပြီး ပြည်သူတွေရဲ့ တိုင်ကြားမှုကြောင့် အချက်အလက်ခိုင်လုံလို့ မနေ့က နေ့လယ်ပိုင်းမှာ ဒီကောင်တွေ စစ်ကိုင်းကို အပြန် ထန်းရည်ဆိုင်မှာ ထန်းရည်သောက်နေတဲ့ အချိန် ဝင်ရောက်ပစ်ခတ်ရှင်းလင်းလိုက်တာပါ”ဟု Black Wolf PDF တာဝန်ရှိသူက ပြောသည်။

ထန်းရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်လိုက်ခြင်းကြောင့် ပျူစောထီးဒလန်ဆိုသူ နှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့၏ ပစ်ခတ်ခြင်းခံလိုက်ရသည့် ပျူစောထီးဒလန်ဆိုသူနှစ်ဦးသည် တအုံကျေးရွာရှိ ကိုအေးလင်းဆိုသူကို ကော့ရွာရှိ ပျူဒလန်ဆိုသူများနှင့် ပူးပေါင်း၍ အုပ်စုဖွဲ့ သတ်ဖြတ်မှုပြုလုပ်ခဲ့ကြောင်းလည်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“ပြည်သူတွေကိုလည်း များများလှူပေးစေချင်တယ်။ ပွဲတစ်ပွဲ ကဖို့လည်း မလွယ်ဘူးလေ။ ကျွန်တော်တို့ရဲ့ Black Wolf PDF Page နီနေလို့ Review လေးလည်း များများ ရေးပေးစေချင်တယ်။ အရှည်တစ်လက်ဝယ်ဖို့အတွက် မဲတွေလည်း ရောင်းပြီး ရန်ပုံငွေရအောင်လုပ်နေပါတယ်။ အားလုံးပါဝင်ပေးကြဖို့ တောင်းဆိုလိုပါတယ်” ဟု Black Wolf PDF တာဝန်ရှိသူက ပြောသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့အနီးရှိ ခင်ဦးနှင့်ရေဦးမြို့နယ်များတွင် စစ်ကြောင်းထိုးနေကာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ရွှေဘိုမြို့နယ်

#Black_Wolf_PDF

#ပျူစောထီးဒလန်

#ပစ်ခတ်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly