မြောင်မြို့နယ် ကင်းရွာတွင်တပ်စွဲသည့် စစ်ကောင်စီတပ် ရွာမှအထွက် မိုင်းဆွဲခံရ

07 May 2022
မြောင်မြို့နယ် ကင်းရွာတွင်တပ်စွဲသည့် စစ်ကောင်စီတပ် ရွာမှအထွက် မိုင်းဆွဲခံရ

ဂျာမုန်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကင်းရွာတွင် မေလ ၄ ရက်နေ့က တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်အား မေလ ၅ ရက် နံနက်ပိုင်း ရွာမှပြန်လည်ထွက်ခွာချိန် မြောင်မြို့နယ် (T.G.R)ပြည်သူ့ကာကွယ်ရေးတပ်ဦးဆောင် သည့် မဟာမိတ်တပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
အင်အား ၇၀ ခန့်ရှိသည့် အဆိုပါစစ်ကောင်စီတပ်အား မေလ ၅ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က ကင်းရွာနှင့် ရွှေဘုံသာရွာအကြား၌ ပွိုင့်နှစ်ပွိုင့်ထောင်ကာ မိုင်းလေးလုံးအသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့ ကြောင်း မြောင်(T.G.R)အဖွဲ့ဦးဆောင်သူ ဗိုလ်တိုက်ဂါးထံမှ သိရသည်။ ကင်းရွာနှင့် ရွှေဘုံသာရွာမှာ တစ်မိုင်ခန့်သာ ကွာဝေးသည်။
“ကျွန်တော်တို့ အခု အဆင့်မြှင့်ထားတဲ့မိုင်းတွေတော့ မသုံးနိုင်တော့ဘူး။ ပစ္စည်းတွေရှားပြီး ရန်ပုံငွေအနေ အထားကြောင့်ပေါ့။ တူမီးယမ်းနဲ့လုပ်ထားတဲ့ ရှေ့ထွက်မိုင်းတွေနဲ့ပဲ တိုက်ခိုက်လိုက်တာဗျ။ သူတို့ထိုးတဲ့ စစ်ကြောင်းပေါ်မူတည်ပြီး ရှေ့ပြေးထောင်ရတာပေါ့။ တစ်ပွိုင့်ကို နှစ်လုံးစီနဲ့ နှစ်ပွိုင့်ထောင်ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

မိုင်းဆွဲမှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီးအသုံးပြုကာ ပြန်လည်ပစ်ခတ်သည့်အတွက် သေဆုံး ထိခိုက်ဒဏ်ရာရမှုအခြေအနေကို မစစ်ဆေးနိုင်ဘဲ ဆုတ်ခွာခဲ့ရကြောင်း သိရသည်။ ဒေသခံ ကာကွယ်ရေးတပ်သားများမှာမူ ထိခိုက်မှုမရှိ ပြန်ဆုတ်ခွာနိုင်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအား မြောင်မြို့နယ် (T.G.R) ပြည်သူ့ကာကွယ်ရေးတပ်၊ Burmese Guerrilla Force (Myingyan)၊ 11 Brothers Revolution Forces၊ ဗိုလ်နေတိုးအထူးပြောက်ကြားအဖွဲ့ (B.N.T)၊ ဗိုလ် တောက်ထွန်း (MBTT) ၊ Saw Bwar Gyi (MPDF )၊ Burma Phoenix Organization-BPO နှင့် ပြောက်ကျားလင်းယုန်အဖွဲ့တို့ ပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ မြောင်မြို့နယ်အတွင်းဝင်ရောက်တပ်စွဲကာ ထိုးစစ်ဆင်လျှက်ရှိသည့် စစ်ကြောင်းလေးခုအနက် မြောင်မြို့ပေါ်တပ်စွဲထားသည့်စစ်ကြောင်းနှင့် ကျောက်ရစ်ကျေးရွာရှိစစ်ကြောင်းမှလွဲ၍ ကျန်စစ်ကြောင်း နှစ်ခုမှာမူ မြောင်နယ်မှ ရေစကြိုနယ်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း ဗိုလ်တိုက်ဂါး၏ ပြောပြချက်အရ သိရသည်။

#Mizzima
#မြောင်မြို့နယ်
#ကင်းရွာ
#မိုင်းဆွဲခံရ
#T.G.R

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly