အာဖဂန်နစ္စတန်တွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

အာဖဂန်နစ္စတန်တွင် ဖြစ်ပွားသည့် အကြမ်းဖက်တိုက်ခိုက်မှုများအပေါ် ကုလ လုံခြုံရေးကောင်စီ ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံတွင် အရပ်သားပြည်သူများကို ပစ်မှတ်ထားသည့် စက်ဆုပ်ရွံရှာဖွယ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်များ ဆက်လက် ဖြစ်ပွားနေခြင်းအပေါ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) က ဧပြီ ၃၀ ရက်တွင် ပြစ်တင်ရှုတ်ချခဲ့သည်။

ထို့ပြင် အကြမ်းဖက်မှု ကျူးလွန်သူများ၊ စီစဉ်သူများ၊ ငွေကြေးထောက်ပံ့ပေးသူများနှင့် စပွန်ဆာပေးသူများ တာဝန်ခံရစေရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အလေးပေး ထုတ်ဖော်ခဲ့သည်။

“ကနဦး သတင်းများအရ လူပေါင်း ၃၀ ဦးထက်မနည်း သေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည် ဆိုသည့် ဧပြီ ၂၉ ရက် ကဘူးလ်မြို့ ခါလီဖာ ဆာဟစ်ဘ် ဗလီ တိုက်ခိုက်ခံရမှုဖြစ်စဉ်အပေါ် ကုလ လုံခြုံရေးကောင်စီအနေဖြင့် အပြင်းထန်ဆုံး အသုံးအနှုန်းများဖြင့် ရှုတ်ချပြစ်တင်သည်” ဟု လုံခြုံရေးကောင်စီက သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“ဒီတိုက်ခိုက်မှုတွေ မတိုင်ခင် ရာမဒန်လမြတ်ကာလအတောအတွင်း အာဖဂန်နစ္စတန်နိုင်ငံတဝန်းမှာ ဘာသာရေး လူနည်းစု အသိုင်းအဝိုင်းတွေ အပါအဝင် အရပ်ဘက် အခြေခံအဆောက်အအုံတွေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ အခြားတိုက်ခိုက်မှုဖြစ်စဉ်အချို့လည်း ပေါ်ပေါက်ထားခဲ့ပါတယ်” ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်မှု ကျူးလွန်သူ လက်သည်တရားခံများ၊ စီစဉ်သူများ၊ ငွေကြေးထောက်ပံ့သူများနှင့် စပွန်ဆာပေးသူများ တာဝန်ခံရစေရေးနှင့် ၎င်းတို့ကို တရားဉပဒေအတိုင်း စီရင်နိုင်ရေး လုပ်ဆောင်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အလေးပေး ပြောခဲ့သည်။

အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတကာ ဉပဒေနှင့် သက်ဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များနှင့်အညီ နိုင်ငံအားလုံးအနေဖြင့် သက်ဆိုင်ရာ အာဏာပိုင်များနှင့်အတူ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ကုလ လုံခြုံရေးကောင်စီက တိုက်တွန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly