မန္တလေး၌ စစ်လက်နက် ယန္တရားတပ် ဂိတ်ကင်းကို ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

မန္တလေး၌ စစ်လက်နက် ယန္တရားတပ် ဂိတ်ကင်းကို ကာကွယ်ရေးအဖွဲ့ တိုက်ခိုက်

မေ ၅

မန္တလေး ၊ အမရပူရမြို့နယ်ရှိ စစ်ကောင်စီတပ်၏ စစ်လက်နက် ယန္တရားတပ် ဂိတ်ကင်းကို ယနေ့ မေလ ၅ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသကာကွယ်ရေး ပြောက်ကျား တပ်ဖွဲ့ ဖြစ်သည့် Mandalay Ranger Force PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

"ဒီနေ့ မနက်အစောပိုင်းမှာ အမရပူရ ယန္တရားတပ် ဂိတ်ကင်းကို ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးလေးယောက်လောက် ရှိခဲ့တယ်။ ပွိုင့် ၂၂ နဲ့ ငါးတောင့်ပဲ ပစ်ခဲ့ရတယ်။ သေနတ်က ဂျန့် ဖြစ်သွားလို့၊ သူတို့တွေ ချက်ချင်းတော့ ပြန်မပစ်နိုင်ခဲ့ဘူး" ဟု အဆိုပါ အဖွဲ့ဝင်က ပြောသည်။

ပစ်ခတ် တိုက်ခိုက်ပြီးနောက် အမြန် ပြန်လည် ထွက်ခွာခဲ့သည့် အတွက် စစ်ကောင်စီတပ်၏ အထိအခိုက်ကို မသိရှိသေးဘဲ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကမူ အထိအခိုက် မရှိဟု ဆိုသည်။

"အမရပူရမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အရပ်ဝတ်နဲ့ လက်ကမ်းစာစောင် ဝေနေတာတွေ ရှိတယ်။ အဲဒါကြောင့် ပတ်ပြန်ခဲ့ရတယ်။ မန္တလေးမှာက အခုရက်ပိုင်း အရမ်း တင်းကျပ်တယ်။ အခု တိုက်ခိုက်မှုမှာ သုံးခဲ့တဲ့ ပစ္စည်းကလည်း ငှားသုံးခဲ့တာပါ။ အဖွဲ့အစည်းတွေ ကနေ ပစ္စည်းကောင်းတွေ ဝယ်ဖို့ ကူညီဖို့ လိုပါတယ်။ ရှေ့မှာတိုးရင် ပြန်ပစ်ဖို့ ကျည်မချန်နိုင်ရင် ကွိပြီ" ဟု ၎င်းက ဆိုသည်။

တစ်မြို့လုံး အစစ်အဆေးများပြီး ဖိနှိပ်နေသည့်ကြား အသက်ကို ရင်းကာ ရအောင် လုပ်ခဲ့ခြင်း ဖြစ်ပြီး မန္တလေးမြို့ က မကြောက်တတ်သည့် အကြောင်း သက်သေပြရန် ပြည်သူများလည်း ပူးပေါင်း ပါဝင်ပြီး တော်လှန်ရေး ရဲဘော်များကို ကူညီပေးကြရန် Mandalay Rangers Force (ROM) အဖွဲ့က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

မန္တလေးမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက မြို့အတွင်း ရပ်ကွက်များနှင့် လမ်းများတွင် ပိတ်ဆို့ စစ်ဆေးခြင်းများ ပြုလုပ်နေပြီး ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို အင်အားသုံးကာ ဖမ်းဆီးမှုများ ဆက်တိုက် ဖြစ်ပွားလျက် ရှိသည်။

ယမန့်နေ့ မေလ ၄ ရက်နေ့ကလည်း မန္တလေးအခြေစိုက် ပြောက်ကျားတပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် Dragon Warrior MDY PDF အဖွဲ့က "ကိုယ့်မထိသရွေ့ တော်လှန်ရေးဟာ ကိုယ်နဲ့မဆိုင်သလို နေကြတဲ့ သူများနေတော့၊ ကျွန်‌တော်တို့အဖွဲ့ မြို့ပေါ်ကနေ စွန့်ခွာသွားပါပြီ။ မန်းသူ မန်းသားများ စိတ်အေး ချမ်းသာစွာ မန်းမြို့ကြီးမှာ စစ်ကျွန်ဘဝနဲ့ နေခဲ့ကြပါတော့။ မန်းလေးမြို့ပေါ်မှာ ကျွန်တော်တို့တွေ ဘယ်လိုမှ နေလို့ရတဲ့ အ‌ခြေအနေ မဟုတ်တဲ့အတွက် မန်းမြို့ကြီးကို စွန့်ခွာသွားရပေမယ့် တစ်ချိန်မှာ အောင်ပွဲတွေနဲ့အတူ မန်းမြို့ကြီးဆီကို ပြန်လာခဲ့ချင်ပါသေးတယ်" ဟု ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ လျှို့၀ှက်တိုက်ပွဲဝင်နေသူ UG များသည် ပြည်သူများ အတွက် လူမသိ သူမသိ ပေးဆပ်လျက်ရှိပြီး အခက်အခဲများကြား အသက်ကိုရင်းကာ ကြိုးစားနေသည်ကို သတိရ ပေးကြပါရန်နှင့် ပြည်သူသာလျှင် အဓိက ဖြစ်သည့်အတွက် ပူးပေါင်း ကူညီပေးကြရန်လည်း Mandalay Ranger Force - PDF တာဝန်ရှိသူက ပြောထားသည်။

မန္တလေးအခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သည့် အနက်ရောင်သေမင်း အဖွဲ့ကလည်း '' ကိုယ်မြို့မှာ နေလို့မရတော့သည့်အတွက် နေလို့ရသည့် နေရာမှာ နေပါပြီ။ ရန်ကုန်မြို့သို့ အနက်ရောက်သေမင်း မန္တလေးသား စစ်စစ်တို့ သွားကူညီ နေပါပြီ။ အောင်ပွဲရမှ ဒီမြို့ကြီးကို ပြန်လာပါတော့မည်။ ဂရုစိုက်ကြပါ " ဟု ယနေ့ မေလ ၅ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ထားသည်။

#Mizzima

#မန္တလေး

#စစ်လက်နက်ယန္တရားတပ်

#တိုက်ခိုက်

#MandalayRangerForcePDF

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required