ပုလောမြို့ မြေစာရင်းရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

By ကိုရွှေမြိတ်
05 May 2022
ပုလောမြို့ မြေစာရင်းရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ပုလော၊ မေလ၊ ၅

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ အမှတ် ၂ ရပ်ကွက်ရှိ မြေစာရင်းဦးစီးဌာနရုံးအနီးတွင် ယမန်နေ့ ညပိုင်းအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် မေလ ၄ ရက်နေ့ ည၇ နာရီခွဲခန့် အချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် မြေစာရင်း ဦးစီးဌာနရုံး အနီးတွင် စိုက်ပျိုးရေးရုံး၊ သမဝါယမရုံး၊ စည်ပင်သာယာရေးရုံးနှင့် ဝန်ထမ်း အိမ်ယာများလည်း ရှိသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် နေရာရှိ အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက"ဗုံးပေါက်ကွဲတာ လူထိခိုက်မှုတော့ မရှိပါဘူး။ ဒါပေမယ့် ပေါက်ကွဲမှု ဖြစ်တဲ့ အချိန်မှာတော့ အကုန်လုံး ထွက်ပြေး သွားတာမျိုးတော့ ရှိတယ်"ဟု ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကို ပုလော မဟာမိတ် တပ်ဖွဲ့က ပြုလုပ်ခဲ့ကြောင်း ယင်းဒေသ အခြေစိုက် PDF အဖွဲ့ဝင် တစ်ဦးက ပြောသည်။

ပုလောမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ရုံးများ ဖြစ်သည့် ထွေအုပ်ရုံး၊ ဥပဒေရုံးနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံး အပါဝင် အစိုးရရုံးများကို မကြာခဏ ဗုံးဖောက်ခွဲ တိုက်ခိုက်ခံနေရသည်။

#Mizzima

#တနင်္သာရီတိုင်း

#မြိတ်ခရိုင်

#ပုလောမြို့နယ်

#မြေစာရင်းဦးစီးဌာနရုံး

#ဗုံးပေါက်ကွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly