ကနီမြို့နယ် ဝင်မနားနယ်မြေရဲစခန်းကို စစ်ကောင်စီတပ်သားများ ကိုယ်တိုင်မီးရှို့

ကနီမြို့နယ် ဝင်မနားနယ်မြေရဲစခန်းကို စစ်ကောင်စီတပ်သားများ ကိုယ်တိုင်မီးရှို့

မေလ ၄ ရက် ၊ ၂၀၂၂ ခုနှစ်

စစ်ကိုင်းတိုင်း ကနီမြို့၏ မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ ဝင်မနားနယ်မြေရဲစခန်းကို ဘုတလင်မြို့နယ် ဘက်မှထွက်လာသည့် စစ်ကောင်စီတပ်သား ၇၀ ခန့်မှ မေလ ၄ ရက် နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် မီးရှို့ ခဲ့ကြောင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက မဇ္ဈိမသို့ပြောကြားသည်။

“ ဘုတလင်မြို့နယ်ဘက်က စစ်အင်အား ၇၀ လောက်ကလာပြီး မနက် ၇ နာရီလောက်မှာ မီးရှို့သွားတယ်။ ဝင်မနားစခန်းမှာ စစ်သားနဲ့ရဲ ၃၀ လောက်ရှိတယ်။ စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားတာနဲ့ ဒေသခံ ပြည်သူတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဝင်ပြီးမီးသတ်နိုင်ခဲ့လို့ ပြည်သူပိုင်နေအိမ်တွေတော့ ပါသွား တာမရှိဘူး” ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဆိုသည်။

ဝင်မနားနယ်မြေရဲစခန်းရှိ စစ်သားနှင့်ရဲများသည် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မကြာခဏ တိုက်ခိုက်မှုများကြောင့် စခန်းအပြင်မထွက်ရဲဖြစ်နေသည်မှာ လနှင့်ချီကြာမြင့်နေပြီဖြစ်သည်။

ဘုတလင် မြို့နယ်မှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဝင်မနားနယ်မြေရဲစခန်းကို မီးရှို့၍ ၎င်းစခန်းရှိ စစ်သားနှင့်ရဲများကို လာရောက်ခေါ်ထုတ်သွားခြင်းဖြစ်ကြောင်း ဒေသခံရဲဘော်တစ်ဦးကဆိုသည်။

#Mizzima

#ဝင်မနားနယ်မြေရဲစခန်း

#ကနီမြို့နယ်

#ကိုယ်တိုင်မီးရှို့

#စစ်ကောင်စီစစ်ကြောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required