တရုတ်က ဝီဂါများ၏ ပျော်ရွှင်နေသာပုံရိပ်များကို ပြသရန် ပြည်ပမှ ဗီဒီယိုဘလော့ဂါများကို ငှားရမ်းထား

တရုတ်က ဝီဂါများ၏ ပျော်ရွှင်နေသာပုံရိပ်များကို ပြသရန် ပြည်ပမှ ဗီဒီယိုဘလော့ဂါများကို ငှားရမ်းထား

တရုတ်သည် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုနိုင်ရန်အလို့ငှာ ရှင်ကျန်းရှိ ဝီဂါလူနည်းစုများ၏ အခြေအနေများကို ဖုံးကွယ်ရန် ခရီးသွားမှတ်တမ်းဗီဒီယိုများ ရိုက်ကူးသည့် ဘလော့ဂါများကို ငှားရမ်းလာသည်။

ဝီဂါများက တရုတ်အုပ်ချုပ်မှုကို ကျေနပ်ကာ ကျေးဇူးတင်ကြောင်း ပုံဖော်ရန်ဖြစ်သော တရုတ်၏ ဝါဒဖြန့်မှုတစ်စိတ်တစ်ပိုင်းအဖြစ် အနောက်ဖျားဒေသရှိ ပျော်ရွှင်နေသော တိုင်းရင်းသားလူနည်းစုပုံရိပ်များပါသော ဗီဒီယိုအတိုအထွာများကို ထုတ်လုပ်သည့် ဆိုရှယ်မီဒီယာလွှမ်းမိုးနိုင်သူ နိုင်ငံခြားသားလူငယ်များကို ခန့်အပ်လာကြောင်း ဘာရမ်ဆင်းတက်ရှ်နှင့် တူရီမန်အဗ္ဗဒူရီရှစ်တို့က RFA တွင် ရေးသားထားသည်။

ဗီဒီယိုများတွင် ရှင်ကျန်းရှိ စက်ရုံဝန်ထမ်းများကို နိုင်ငံခြားသား ခရီးသွားများက တွေ့ဆုံးမေးမြန်းထားမှုများကို ပြသကာ “မိတ်ဆွေတို့ ဝီဂါတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ အလိမ်အညာတွေပါ။ ဒီမှာ အရာရာ ပုံမှန်အတိုင်းပါပဲ။ ဝီဂါ ၁ သန်းကျော်ကို အကျဉ်းစခန်းတွေမှာ ထားတယ်ဆိုတဲ့ သက်သေအထောက်အထား တစ်ခုခုများ ရှိပါသလား” ဟူသော စာတန်းများ ရေးထိုးကြသည်။

၂၀၂၂ ခုနှစ် ပေကျင်းအိုလံပစ်ပွဲမတိုင်မီတွင် TikTok၊ Instagram နှင့် Twitch တို့ပေါ်တွင် တရုတ်အကြောင်း အပြုသဘောဆောင်သောအကြောင်းအရာများကို မြှင့်တင်ရေးအတွက် လူမှုမီဒီယာလှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ရန် နယူးယောက်ရှိ တရုတ်ကောင်စစ်ဝန်ရုံးက အမေရိကန်အခြေစိုက် Vippi Media မီဒီယာနှင့် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် စာချုပ်,ချုပ်ဆိုခဲ့ကြောင်း Business Insider က ဇန်နဝါရီလတွင် ဖော်ပြခဲ့သည်။

ပစ်မှတ်ထားသည့် ပရိသတ်များအတွက် တရုတ်ယဉ်ကျေးမှုအကြောင်းအရာများ၊ တရုတ်နှင့်အမေရိကန်အကြား အပြုသဘောဆောင်သော ဆက်ဆံရေးများနှင့် ကောင်စစ်ဝန်ရုံးသတင်းများကို ဆိုရှယ်မီဒီယာ၌ ထင်ရှားကျော်ကြားသူများအား ရိုက်ကူးထုတ်လုပ်ခိုင်းထားသည်။

နိုင်ငံပိုင်မီဒီယာများနှင့် ဒေသန္တရအစိုးရများသည် တရုတ်လိုလားသောလှုပ်ရှားမှုများကို စီစဉ်ကာ ခရီးစဉ်အတွက် ဗလော့ဂါများကို ငွေကြေးထောက်ပံ့ပေးကြောင်း အဆိုပါကိစ္စနှင့်အကျွမ်းတဝင်ရှိသော အွန်လိုင်းနှင့်ဗီဒီယိုထုတ်လုပ်သူများတင်ထားသော မှတ်တမ်းများအရ သိရသည်။

ရှင်ကျန်း သို့မဟုတ် တရုတ်ပြည်မကြီးတွင် ဆယ်စုနှစ် တစ်ခုမက နေလာခဲ့ကြသော အမေရိကန်နှင့်တောင်အာဖရိကမှ ဗီဒီယိုဘလော့ဂါများက ရှင်ကျန်းသို့ သွားသော နိုင်ငံခြားသားများ ရိုက်ကူးထားသည့် လတ်တလော ခရီးသွားမှတ်တမ်းဗီဒီယိုများသည် ရိုးစင်းပြီး ပုံမှန်ဖြစ်ဟန်ရှိသော်လည်း ကင်မရာ၏အခြားတစ်ဖက်၌ အစိုးရအကျိုးဆောင်များက ပြောဆို ရိုက်ကူးရမည့်အရာများကို ထိန်းချုပ်လျက်ရှိသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly