၂၀၂၂ ခုနှစ်၌ တရုတ်သို့ ရုရှားဓာတ်ငွေ့တင်ပို့မှု ၆၀ ရာခိုင်နှုန်း မြင့်တက်

၂၀၂၂ ခုနှစ်၌ တရုတ်သို့ ရုရှားဓာတ်ငွေ့တင်ပို့မှု ၆၀ ရာခိုင်နှုန်း မြင့်တက်

ယူကရိန်း၌ စစ်ပွဲဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံသို့ ရုရှားမှဓာတ်ငွေ့ ပို့ဆောင်မှုသည် ယမန်နှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ် ပထမ ၄ လအတွင်း ၆၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။

လက်ရှိဖြစ်ပွားနေသောစစ်မက်များနှင့် ရုရှားအပေါ် အနောက်နိုင်ငံများ၏ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ဥရောပသို့ စွမ်းအင်တင်ပို့မှုမှာ မရေရာမသေချာဖြစ်နေစဉ် ရုရှားစွမ်းအင်ကုမ္ပဏီကြီး Gazprom က ပို့ကုန် သိသိသာသာမြင့်တက်ခဲ့ကြောင်း မေ ၁ ရက်က ပြောသည်။

Gazprom နှင့် တရုတ်ရေနံကော်ပိုရေးရှင်း (CNPC) တို့အကြား စာချုပ်တစ်စိတ်တစ်ပိုင်းအနေဖြင့် ဆားဘီးယားစွမ်းအင်ပိုက်လိုင်းမှတဆင့် ပေးပို့ခြင်းဖြစ်ကြောင်း Russia Today သတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်သည် ယူကရိန်းအပေါ် ရုရှားကျူးကျော်ခြင်းကို လုံးလုံးလျားလျား ရှုတ်ချရန် ခေါင်းရှောင်နေခဲ့ပြီး ယင်း အစား သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန်သာ တိုက်တွန်းနေသည်။

ရုရှားနှင့် အနောက်အုပ်စုအများအကြား စွမ်းအင်ပြဿနာများကြောင့် ယခင်ဆိုဗီယက်ယူနီယံပြင်ပနိုင်ငံများသို့ ဓာတ်ငွေ့ထောက်ပံ့မှုမှာ ယခုနှစ်အစပိုင်းမှစပြီး ၂၆ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သလို ပြီးခဲ့သော ၄ လအတွင်း စုစုပေါင်း ဓာတ်ငွေ့ကုဗမီတာ ၅၀ ဒသမ ၁
ဘီလီယံ ပေးပို့ခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။

ထို့ပြင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဥရောပသမဂ္ဂ (EU) အပါအဝင် ၎င်းနှင့် ပနံမသင့်သည့်နိုင်ငံများမှ ဓာတ်ငွေ့ပေးချေမှုများကို မတ်လ ၃၁ ရက်နေ့မှ စ၍ ရူဘယ်ဖြင့် ပေးသွင်းရန် အစောပိုင်းက ညွှန်ကြားခဲ့သည်။

အီးယူက အစပိုင်းတွင် ရုရှား၏စည်းမျဉ်းသစ်များကို ငြင်းပယ်ခဲ့က ထိုလုပ်ရပ်သည် ခြိမ်းခြောက် အကျပ်ကိုင်ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပြီး အရေးယူပိတ်ဆို့မှုစည်းမျဉ်းများကို မဖောက်ဖျက်ဘဲ ရုရှားဓာတ်ငွေ့ဖိုးကို ပေးနိုင်မည့် နည်းလမ်းများ ရှိနိုင်သည်ဟု ဥရောပကော်မရှင်က ပြောသည်။

သို့သော် အချို့သောနိုင်ငံများသည် ရူဘယ်ဖြင့်ပေးရန် ငြင်းဆိုနေဆဲဖြစ်ပြီး Gazprom သည် ဧပြီလနှောင်းပိုင်းတွင် ပိုလန်နှင့် ဘူလ်ဂေးရီးယားသို့ ဓာတ်ငွေ့ထောက်ပံ့မှု ဖြတ်တောက်ခဲ့ကြောင်း သတင်း၌ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly