ရွှေဘိုနယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး အရာရှိ ဒဏ်ရာရဟုဆို

ရွှေဘိုနယ်တိုက်ပွဲ စစ်ကောင်စီတပ်သား ၃၀ သေဆုံးပြီး အရာရှိ ဒဏ်ရာရဟုဆို

မေ ၄

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် အနောက်ဘက်ရှိကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် အင်အား ၁၅၀ ဝန်းကျင်အား ဒေသခံကာကွယ်ရေးတပ်များက ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်း၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခြင်းများဖြင့်တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှဗိုလ်ကြီးတစ်ဦး ဒဏ်ရာရကာ တပ်သား ၃၀ နီးပါး သေဆုံးသည်ဟု သိရသည်။

မေလ ၂ ရက် နံနက် ၈ နာရီမှစတင်ကာ နှစ်မိုင်ခန့်ရှည်လျှားသော ဇီးဖြူကုန်းရွာနှင့် ဆိပ်ခွန်ရွာကြား လမ်းမတွင် ညနေ ၅ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

“ ဒီစစ်ကြောင်းက ရွှေဘိုမြို့ မြောက်ဘက်ကရွာတွေ တပင်ခေါင်းနှင့် ကျားရွာကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ပြီး ဇီးဖြူကုန်းရွာကတစ်ဆင့် သူတို့စခန်းရှိတဲ့ ဆိပ်ခွန်ရွာကို ချီတက်လာတဲ့ အချိန် တိုက်ပွဲဖြစ်တာပါ၊ မိုင်းဆွဲတယ်၊ ဒရုန်းသုံးစီးနဲ့ ဝေဟင်ကလည်း ဗုံးသီးကြဲတယ်။ တစ်နေကုန် ဆိုရင် အလုံး ၂၀ နီးပါးလောက် ကြဲတယ်၊ သူတို့ဘက်ကလည်း ငါးကြင်းမြီး (စက်သေနတ်) တွေ လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်" ဟု SNAKE EYES PDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်၍ “ ရှေ့တန်းမှာဗုံးခွဲတာ စောင့်ကြည့်တဲ့ ရဲဘော်တွေပြန်ပြောပြတာတော့ ဇီးဖြူကုန်းရွာမြောက်ဘက်နားက သူတို့စခန်းရှိတဲ့ သီးလုံးရွာကို ဒဏ်ရာ ရတဲ့သူတွေ၊ သေတဲ့သူတွေကို ထော်လာဂျီတစ်စီးနဲ့ လာလာသယ်တာကို မြင်ရတယ်။ သူတို့ ပြော သလောက်ဆိုရင် အရေအတွက်ဟာ ၃၀ နီးပါးလောက်ရှိတယ်ဆိုပြီး ပြောကြတယ်" ဟု ၎င်းက ရှင်းပြ သည်။

မြေပြင်နှင့်ဝေဟင်မှ တော်လှန်ရေးတပ်ပေါင်းစုများ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့် ဆိပ်ခွန်ရွာအနီးသို့ အချက်ပေါင်းများစွာပစ်ခတ်ပြီး တစ်ဖြည်းဖြည်း ချဉ်းကပ်သွား သည်ဟု ကာကွယ်ရေးတပ်သားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဆိပ်ခွန်ရွာမှ အသက် ၂၀ ဝန်းကျင် အမျိုးသား တစ်ဦး၊ နံ့သာရွာမှ အမျိုးသမီးတစ်ဦးနှင့် ဆိပ်သာရွာမှအမျိုးသားတစ်ဦးသေဆုံးကာ ရွာသားခြောက်ဦး ထိခိုက်ဒဏ်ရာ ရသည်ဟု SNAKE EYES PDF အဖွဲ့ ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ဆိပ်ခွန်ရွာအနီးသို့ ရောက်သွားသော တပ်မ (၃၃) လက်အောက်ခံ တပ်သားများသည် ရွာသား အချို့အား ဓားစားခံအဖြစ်ဖမ်းဆီးကာ ဆိပ်ခွန်ရွာရဲစခန်းသို့ ညနေ ၅ နာရီတွင် ရောက်ရှိသွားသည်။

တိုက်ပွဲဖြစ်ရာလမ်းကြောင်းတစ်လျှောက်အား ဒေသခံကာကွယ်ရေးတပ်များမှ နယ်မြေရှင်းလင်းရာ လက်တော့ တစ်လုံး၊ ကျည်ဘောက် တစ်ခု၊ ကျည်ဆံ ၁၂ တောင့်နှင့် လက်ဘက်ခြောက်ဟု ယူဆရသည့် အိတ်တစ်လုံး သိမ်းဆည်း နိုင်ခဲ့သည်။

တိုက်ပွဲဖြစ်ရာ ဇီးဖြူကုန်းရွာနှင့် ဆိပ်ခွန်ရွာကြားလမ်းမအနီးရှိတဲများထဲတွင်လည်း သွေးကွက်များနှင့် ဆေးကုထားသည့်အစအနများတွေ့ရကြောင်း ပြန်ကြားရေးတာဝန်ခံကပြောသည်။

မေလ ၃ ရက်နေ့ နံနက် ၉ နာရီတွင် ထိုစစ်ကြောင်း ဆိပ်ခွန်ရွာမှထွက်လာချိန်တွင် ဒေသခံကာကွယ်ရေး တပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း အထိအခိုက်အကျအဆုံးမရှိခဲ့ဟု ၎င်းကပြောသည်။

ထိုနေ့ မွန်းတည့် ၁၂ နာရီတွင် ဆိပ်ခွန်ရွာသို့ ရဟတ်ယာဉ်တစ်စင်း ဆင်းသက်ခဲ့ရာ “ကျွန်တော်တို့ သတင်း ရထားတဲ့အတိုင်း ဗိုလ်ကြီး တစ်ယောက်ထိလို့ လာသယ်တာ ဖြစ်နိုင်တယ်” ဟု ၎င်းကသုံးသပ်သည်။

နှစ်ရက်တာတိုက်ပွဲအား ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် SNAKE EYES PDF ၊ C&T SHWEBO ၊ ဒေါင်းမာန် ၊ ဗိုလ်ကျားရိုင်း ပ က ဖ ၊ Alpha 7 ၊ မဟူရာဇီးကွက်(ဒီပဲယင်း) ၊ အရာတော် ရွှေဂျိုးဖြူ ၊ People Defense Force Shwebo နှင့် B F D F နဂါးတပ်စုတို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး ၎င်းတို့ဘက်မှ ထိခိုက်ကျဆုံးမှု မရှိဟု ဆိုသည်။

စစ်ကိုင်းတိုင်း ရွှေဘိုနယ်အတွင်း တိုက်ပွဲပိုမိုပြင်းထန်လာကာ နှစ်ရက်တစ်ကြိမ်ခန့် ထိတွေ့မှုရှိသည်ဟု သိရပြီး တော်လှန်ရေးတပ်ဖွဲ့များအတွက် လက်နက်ခဲယမ်းလိုအပ်ချက်မှာ ပိုမိုကြီးမားလာသည်ဟု SNAKE EYES PDF အဖွဲ့ပြန်ကြားရေး တာဝန်ခံက ပြောသည်။

“ ကျွန်တော်တို့ဆီမှာက အင်တာနက်အခက်အခဲကြောင့် အလှူခံရတာသိပ်အဆင်မပြေဘူး၊ ထောက်ပံ့တဲ့ အဖွဲ့ကြီးတွေ Click2donate တို့ အခြားအဖွဲ့တွေကိုလည်း လေးငါးခြောက်ခါလောက်ရှိပြီ သွားပြီး ပြော တာပဲ အရေးမလုပ်ကြဘူး၊ ခုက ရွာက ပိုက်ဆံနည်းနည်းအဆင်ပြေတဲ့လူဆီကပဲ ခဏယူသုံးပြီး တိုက်နေရ တယ်။ အလှူငွေလေး နည်းနည်းရမှ ပြန်ဆပ်ပေါ့။ အမျိုးသားညီညွတ်ရေးအစိုးရကိုလည်း စာတွေ အကြိမ်ကြိမ်တင်တာပဲ ထောက်ပံ့တာတော့ တစ်ကြိမ်မှကို မလာသေးဘူး၊ ပိုက်ဆံချေးပြီး တိုက်ပွဲဝင်နေရ တဲ့သဘော ဖြစ်နေတယ်” ဟု အခက်အခဲများကို ၎င်းက ရှင်းပြသည်။

တိုက်ပွဲအဆက်မပြတ်ဖြစ်နေသော်လည်း အင်တာနက်အခက်အခဲကြောင့် တိုက်ပွဲသတင်းများ အချိန်နှင့် တပြေးညီမတင်ပြနိုင်ခြင်းသည် ၎င်းတို့နယ်ဘက်သို့ အလှူငွေစီးဆင်းမှု လျော့နည်းလာသည့် အကြောင်း အရင်းဖြစ်နိုင်ကြောင်း ၎င်းကသုံးသပ်သည်။

#Mizzima

#ရွှေဘို

#SNAKE EYES PDF

#Click2donate

#ရဟတ်ယာဉ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly