အိန္ဒိယ၏ ဂျီဒီပီ ယခုဘဏ္ဍာနှစ်တွင် ၈ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ဖွယ်ရှိ

အိန္ဒိယ၏ ဂျီဒီပီ ယခုဘဏ္ဍာနှစ်တွင် ၈ ရာခိုင်နှုန်းအထိ တိုးတက်နိုင်ဖွယ်ရှိ

‌အိန္ဒိယနိုင်ငံ၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး (GDP) သည် ယခုဘဏ္ဍာနှစ်တွင် ၇ဒသမ၅ မှ ၈ ရာခိုင်နှုန်းအထိ တိုးလာနိုင်ပြီး ပို့ကုန်ကဏ္ဍမှ အဓိက ရရှိမည်ဟု အိန္ဒိယစက်မှုလုပ်ငန်း အသင်း (CII) ဥက္ကဋ္ဌ နာရင်ဒရန်က ဧပြီ ၂၅ ရက်တွင် ပြောကြားသည်။

သို့သော် ကိုဗစ်-၁၉ ကပ်ရောဂါ နောက်ထပ်လှိုင်းဖြစ်လာခြင်း၊ လက်ရှိ ရုရှား-ယူကရိန်းစစ်ပွဲ၏ အကျိုးဆက်များ အတွက် ပြင်ဆင်မှုများကို လုပ်ဆောင်ထားရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။

‌“ယုနှစ်ထဲမှာ နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှု လမ်းကြောင်းမှာ ရှိနေပါတယ်။ ပို့ကုန်ကဏ္ဍနဲ့ ပတ်သက်လို့ အများကြီး မျှော်လင့်ထားပါတယ်။ ဒါက နိုင်ငံစီးပွားရေးကောင်းဖို့ အဓိက ဖြစ်နေပါတယ်” ဟု နာရင်ဒရန်က ပြောကြားသည်။

ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်ရောဂါ ပြန်လည်ဖြစ်ပွားလာခြင်းသည် ကမ္ဘာ့ကုန်ထုတ်လုပ်မှု လုပ်ငန်းကွင်းဆက်များ အပေါ် သက်ရောက်မှုရှိလာနိုင်ပြီး အိန္ဒိယ၏ စီးပွားရေးသည် ယခုနှစ်အတွင်း ၇ဒသမ၅ မှ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း CII က ခန့်မှန်းထားသည်ဟု Press Trust of India သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ၎င်းက ပြောကြားသည်။

‌“ကိုဗစ် ကပ်ရောဂါရဲ့ အတွေ့အကြုံအရ လှိုင်းအသစ်တွေ တစ်ခုပြီး တစ်ခု ဖြစ်နေတယ်။ အိန္ဒိယမှာလည်း ဖြစ်ပွားခဲ့တယ်။ ဒါကြောင့် နောင်ကို ဖြစ်လာမယ့် လှိုင်းတွေအတွက်လည်း ပြင်ဆင်ထားရမယ်” ဟု ၎င်းက ပြောသည်။

ရောဂါကူးစက်မှု မြင့်တက်လာပါက ကောင်းစွာ ကိုင်တွယ်ထိန်းချုပ်နိုင်ရန် အစီအစဉ်များကို စနစ်တကျ ပြင်ဆင်ထားပြီး ဖြစ်ကြောင်းလည်း နာရင်ဒရန်က ပြောကြားသည်။

‌လူအချင်းချင်း များစွာ ထိတွေ့ဆက်ဆံရသည့် လုပ်ငန်းများတွင် ကိုဗစ်ထိန်းချုပ်မှုဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားလိုက်သောကြောင့် ဝယ်ယူစားသုံးမှု ပြန်လည်အားကောင်းလာမည်ဟုလည်း ၎င်းက မှတ်ချက်ပေးခဲ့သည် ‌“ပြင်ပက အခြေအနေတွေ တည်ငြိမ်လာတာနဲ့ ဝယ်လိုအားတွေလည်း ပြန်လည်မြင့်တက်လာပါလိမ့်မယ်။ ကျေးလက်ဒေသတွေက ဝယ်လိုအား ဆက်လက်အားကောင်းမှာ ဖြစ်သလို ကုန်သွယ်ရေးမှာလည်း တိုးတက်ပြီး အိန္ဒိယအနေနဲ့ စိုက်ပျိုးရေး ထုတ်ကုန်တွေကို အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဈေးကွက်သစ်တွေဆီ တင်ပို့မှာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly