ပန်ချန်လားမားမည်သည့်နေရာတွင် တည်ရှိနေသည်ကို ပြောကြားရန် တရုတ်အစိုးရကို အမေရိကန် တိုက်တွန်း

ပန်ချန်လားမားမည်သည့်နေရာတွင် တည်ရှိနေသည်ကို ပြောကြားရန် တရုတ်အစိုးရကို အမေရိကန် တိုက်တွန်း

ပန်ချန်လားမား ၁၁ ယောက်မြောက် ဂတ်ဟန်ချိုကီညီမာ ၁၉၉၅ ခုနှစ် ကတည်းက ပျောက်ဆုံးနေခဲ့ရာ ၎င်းမည်သည့်နေရာတွင်ရှိနေသည်ကို ပြောကြားရန် ၎င်း၏ ၃၃ နှစ်ပြည့် မွေးနေ့တွင် တရုတ်အစိုးရကို အမေရိကန်က တိုက်တွန်းလိုက်သည်။

" တရုတ်အာဏာပိုင်တွေက ၁၉၉၅ခုနှစ်၊ မေလ ၁၇ ရက်မှာ ၆ နှစ်အရွယ် ကလေးကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး နောက်ပိုင်း ပျောက်ဆုံး နေဆဲဖြစ်တဲ့ ပန်ချန်လားမားဂတ်ဟန်ချိုကီညီမာရဲ့ ၃၃နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နတ်ပရိုက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိဗက်ဗုဒ္ဓဘာသာတွင် ဒုတိယမြောက်အလေးစားခံရဆုံးလားမားဖြစ်သည့် ဒလိုင်းလားမားရွေးချယ်ထားသည့် ပန်ချန်လားမားအား တိဗက်အသိုက်အဝန်းနှင့် တွေ့ဆုံခွင့်ပေးရန် တရုတ်အစိုးရက ဆက်လက် ငြင်းဆိုထားပြီး ယင်းအစား တရုတ်မှ ရွေးချယ်ထားသည့် ပန်ချန်လားမားကိုသာ ဆက်လက်အားပေးအားမြှောက်ပြုနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပန်ချန်လားမားဂတ်ဟန်ချိုကီညီမာအစား၊ ကွေစိန်နော်ဘူးကို ၁၉၉၅ ခုနှစ်တွင် တရုတ်အစိုးရက 'တရားဝင်' ၁၁ ယောက်မြောက် ပန်ချန် လားမား အဖြစ် အသိအမှတ်ပြုခံခဲ့ရပြီးချိန်မှစ၍ ၁၄ ယောက်မြောက် ဒလိုင်းလားမား နှင့် တိဘက်အသိုက်အဝိုင်းက ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

“တရုတ်အစိုးရ၏ နိုင်ငံတကာကတိကဝတ်များနှင့်အညီ ဂတ်ဟန်ချိုကီညီမာ မည်သည့်နေရာတွင်ရှိနေသည်နှင့် ၎င်း၏ ကောင်းကျိုးကို ချက်ချင်းတာဝန်ယူရန်နှင့် ၎င်း၏လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို အပြည့်အဝကျင့်သုံးခွင့်ပြုရန် တရုတ်အာဏာပိုင်များအား မိမိတို့ တိုက်တွန်းသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အစိုးရ၏ ဝင်ရောက်စွက်ဖက်မှု မရှိဘဲ ၎င်းတို့၏ ယုံကြည်ချက်၊ ဒလိုင်းလားမားနှင့် ပန်ချန်းလားမားတို့ကဲ့သို့ သော တိဗက်လူမျိုးများ၏ ခေါင်းဆောင်များကို ရွေးချယ်ခွင့်၊ ပညာရှာခွင့် ရိုသေလေးစားခွင့် အပါအဝင် တိဘက် လူမျိုးများ၏ ဘာသာရေးလွတ်လပ်ခွင့်နှင့် ၎င်းတို့၏ထူးခြားသော ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ဘာသာစကား ဆိုင်ရာ အမှတ်လက္ခဏာများကို အမေရိကန်က ထောက်ခံ အားပေးနေကြောင်း ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

၁၉၈၉ခုနှစ်တွင် ၁၀ ယောက်မြောက် ပန်ချန်လားမား ကွယ်လွန်ပြီးနောက် ၁၄ ယောက်မြောက် ဒလိုင်းလားမား တန်ဇန်ဂတ်ဆိုက ၆ နှစ်အရွယ် ဂတ်ဟန် ချိုကီညီမာကို ၁၁ ယောက်မြောက် ပန်ချန်လားမား အဖြစ် သတ်မှတ် ခဲ့သည်။

နောက်ပိုင်းတွင် တရုတ်စစ်တပ်က အသက် ၆နှစ်အရွယ် ပန်ချန်လာမားနှင့် ယင်း၏ မိသားစုအား ဖမ်းဆီးခေါ် ဆောင်သွားခဲ့ပြီး မည်သည့်နေရာတွင် ရှိနေသည်ကို ယနေ့အချိန်အထိ မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly