မန္တလေး၊ ဇန်နဝါရီ ၃၁ ။ ။ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး ၁၄ ညောင်နီကျေးရွာ ဒေသခံများ၏ မြေများပေါ် အမှတ် ၉၅၈ ဆောက်လုပ်ရေးတပ်ခွဲ(အင်ဂျင်နီယာ) မှ ဇန်နဝါရီ ၂၅ရက် ညနေက ခြံစည်းရိုးဝင်ခတ်ပြီး ဖျက်ဆီးခဲ့၍ ဒုက္ခသည်စခန်းဖွင့် နေထိုင်သူ ၁၂၀ အတွက် ဆေးဝါး နှင့် အဝတ်အထည်များ လိုအပ်နေဟု ကူညီဆောင်ရွက်ပေးနေသေူ မဆောင်းသဇင်က မဇ္ဈိမ ကိုပြောသည်။
ဖယ်ရှားခံထားရသော ဒေသခံများသည် လက်ရှိတွင် နေထိုင်စရာနေရာ မရှိသေးသောကြောင့် ဇန်နဝါရီလ ၂၈ ရက်မှစတင်၍ ညောင်နီကျေးရွာအနီးရှိ ဦးပေါမောင်ခြံတွင် ဒုက္ခသည်စခန်းဖွင့်လှစ်၍ နေထိုင်လျက်ရှိသည်။
"ကျွန်တော်တို့ကတော့ ကိုယ့်အိမ်ကိုယ်ပြန်နေချင်တယ်။သူတို့တွေ အနိုင်ကျင့်ပြီးလုပ်တာကို မကျေနပ်ဘူး။ ကျွန်တော်တို့ခုမှနေတာ မဟုတ်ဘူး။ ဘိုးစဉ်ဘောင်ဆက်နေလာကြတာပါ။ နှစ်ပေါင်း တစ်ရာကျော်နေပါပြီ။" ဟု ဖယ်ရှားခံရ၍ ဒုက္ခသည်စခန်းတွင် နေထိုင်သူ ဦးအလူး ကပြောသည်။
အဆိုပါ ဒုက္ခသည်စခန်းတွင် ၁၂၀ ဦးကျော်ခိုလုံနေရာ သူငယ်တန်းမှ ဆယ်တန်းအထိ ကျောင်းသားကျောင်းသူ ၂၃ ဦးရှိနေပြီး ထို၂၃ ဦးမှာ ကျောင်းဆက်တက်ရန် အခက်အခဲများရှိနေသည်ဟု ဒေသခံများကဆိုသည်။
ညောင်နီကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဆွေလှိုင် က "မလုပ်ဖို့ ကျွန်တော့်အနေနဲ့ ဗိုလ်မှူးကိုပြောတယ်မရဘူး။ ဒါမျိုးမဖြစ်သင့်ဘူးလို့လည်းပြောတယ်။ ဒီနေရာက အခုမှာနေကြတာမဟုတ်ဘူး။ ရွာတည်စဉ်ကတည်းကရှိခဲ့ကြတာပါ။ နှစ်ပေါင်းရာချီရှိနေပါပြီ။ ကျွန်တော်အုပ်ချုပ်ရေးမှူးပါ အကုန်သိပါတယ်။ ကျွန်တော့်ရွာသားတွေဘက်က ကာကွယ်တယ်မရဘူး။ အခုလိုလုပ်မယ်ဆိုရင်လည်း နေစရာဖြစ်ဖြစ်၊နေရာအစားဖြစ်ဖြစ် ပြန်လုပ်ပေးသင့်ပါတယ်။"ဟု ပြောသည်။
ဖယ်ရှားခံ၍ ဒုက္ခသည်စခန်းတွင် ခိုလုံနေသူများသည် နေရာပြန်လည် ရရှိရေးနှင့် အင်အားသုံးဖယ်ရှားနေသူများကို ဥပဒေနှင့်အညီ အရေးယူပေးနိုင်ရန် နိုင်ငံတော်သမ္မတအပါအဝင် ဌာနဆိုင်ရာအသီးသီးကို ဇန်နဝါရီလ ၂၉ ရက်က စာတင်လိုက်ပြီဖြစ်သည်ဟု ဒေသခံများကဆိုသည်။