ဘီဘီစီ (နယူးယော့ခ်)။ ။ Apple တေးဂီတ ဝန်ဆောင်မှုတွင် သုံးလတာ အခမဲ့ နားဆင်ခွင့်ပြုထားသော ကာလအတွင်း အနုပညာရှင်များကို အနုပညာကြေးများ ပေးသွားရန် ကုမ္ပဏီက သဘောတူညီခဲ့ပြီးနောက် ရက်ပေါင်းများစွာ အကြာတွင် ပေါ့ကြယ်ပွင့် တေလာဆွဇ်က Apple တေးဂီတ ဝန်ဆောင်မှုတွင် ၁၉၈၉ တေးသီချင်း အယ်လ်ဘမ်ကို ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Apple တေးဂီ တဝန်ဆောင်မှု၏ သုံးလတာ စမ်းသပ်ကာလအတွင်း အနုပညာရှင်များကို အနုပညာကြေးပေးရန် အစီစဉ်မရှိသည့် ကိစ္စနှင့်စပ်လျဉ်း၍ ယခုသီတင်းပတ် အစောပိုင်းက တေလာသည် Apple ကုမ္ပဏီအပေါ် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သည်။
တေလာသည် ယင်းကိစ္စနှင့် စပ်လျဉ်း၍ Apple ကုမ္ပဏီကို အိတ်ဖွင့်ပေးစာ ပေးခဲ့ပြီးနောက် ယခုအခါ Apple ကုမ္ပဏီက သုံးလတာ စမ်းသပ်ကာလအတွင်း အနုပညာရှင်များအား အနုပညာကြေး ပေးဆောင်သွားမည် မဟုတ်သည့် အစီစဉ်ကို ပယ်ဖျက်ခဲ့ပြီး အနုပညာကြေးပေးရန် သဘောတူညီခဲ့သည်။ လက်ရှိအချိန်တွင် တေလာ၏ ၁၉၈၉ တေးသီချင်း အယ်လ်ဘမ်သည် မည်သည့် တေးဂီတ ဝန်ဆောင်မှုများတွင်မဆို ရရှိနိုင်ခြင်း မရှိသေးပေ။
“သုံးလတာ စမ်းသပ်ကာလဆိုတာ အချိန်ကြာတဲ့ ကာလတစ်ခု ဖြစ်ပါတယ်။ ယင်းကာလအတွင်း အနုပညာကြေး မပေးတာ တရားမျှတမှု မရှိပါဘူး” ဟု အိတ်ဖွင့်ပေးစာတွင် တေလာက ပြောကြားထားသည်။
ဇွန် ၃၀ ရက်တွင် စတင်မည့် Apple တေးဂီတ ဝန်ဆောင်မှုသည် ကုမ္ပဏီ၏ များပြားလှသော တေးသီချင်း အယ်လ်ဘမ်များကို အသုံးပြုများအနေဖြင့် နားဆင်ခွင့်ရမည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် တစ်ဦးလျှင် တစ်လ အမေရိကန်ဒေါ်လာ ၉ ဒသမ ၉၉ ကုန်ကျမည်ဖြစ်ပြီး မိသားစုများအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၉၉ ကုန်ကျမည် ဖြစ်သည်။
တေးဂီတမှ ရရှိသော လစဉ်ကြေးဝင်ငွေ၏ ၇၃ ရာခိုင်နှုန်းကို တေးဂီတ ပိုင်ရှင်များအားပေးရန် စီစဉ်ထားကြောင်း ကုမ္ပဏီက ပြောကြားသည်။
ပရိတ်သတ်များအား သုံးလတာအခမဲ့ နားဆင်ခွင်ပြုထားသော ကာလပြီးနောက် အနုပညာရှင်များအား မြင့်မားသော အနုပညာကြေးပေးရန် အစီစဉ်ရှိကြောင်း Apple ကုမ္ပဏီ၏ အလုပ်အမှုဆောင် အက်ဒီကူက ပြောကြားခဲ့သည်။
တေလာမပြောကြားမီ သုံးလတာစမ်းသပ်ကာလအတွင်း အနုပညာကြေးမပေါ်သည့်အပေါ် အနုပညာရှင်များ စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို ကျွန်တော်တို့ ကြားသိခဲ့ကြောင်း ၎င်းက ပြောကြားသည်။
“ကျွန်တော်တို့အနေနဲ့ အနုပညာရှင်များကို အနုပညာကြေးမပေးဘဲ ဘယ်တော့မှကြည့်နေမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားသည်။