ရှင်ကျန်းအရေး စစ်ဆေးမှု ကြီးထွားလာချိန်တွင် တရုတ်က အဓမ္မအလုပ်စေခိုင်းမှုဆိုင်ရာ သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုး

By Bloomberg
27 April 2022
ရှင်ကျန်းအရေး စစ်ဆေးမှု ကြီးထွားလာချိန်တွင် တရုတ်က အဓမ္မအလုပ်စေခိုင်းမှုဆိုင်ရာ သဘောတူ စာချုပ်များကို လက်မှတ်ရေးထိုး

အမေရိကန်၊ ဥရောပတို့နှင့် ကုန်သွယ်ရေးဆက်ဆံမှုကို အဟန့်အတားဖြစ်စေသော ဝီဂါလူမျိုးစုများအပေါ် ပြုမူဆက်ဆံပုံနှင့်ပတ်သက်ပြီး ဝေဖန်မှုများရှိနေချိန်တွင် တရုတ်နိုင်ငံက အဓမ္မအလုပ်ခိုင်းစေမှုဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် ၂ ခုကို အတည်ပြုလက်မှတ်ရေးထိုးခဲ့သည်။

နိုင်ငံ့ထိပ်တန်းဥပဒေပြုအဖွဲ့သည် အဓမ္မအလုပ်စေခိုင်းမှုဆိုင်ရာ ကွန်ဗင်းရှင်းနှင့် အဓမ္မလုပ်အား ဖျက်သိမ်းရေး ကွန်ဗင်းရှင်းတို့ကို လက်မှတ်ရေးထိုးရန် ဧပြီ ၂၀ ရက်တွင် ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသားပြည်သူ့ကွန်ဂရက်၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) အဖွဲ့ဝင်များက အဆိုပါကွန်ဗင်းရှင်းများကို ၁၉၃၀ နှင့် ၁၉၅၇ ခုနှစ်တို့တွင် ပြဋ္ဌာန်းအတည်ပြုထားကြသည်။

“အတင်းအကျပ် အလုပ်ခိုင်းစေမှုပပျောက်ရေးဟာ အခြေခံကျတဲ့ စည်းမျဉ်းဖြစ်ပြီး အလုပ်ခွင်မှာ သင့်လျော်ပါတယ်။ ဒီလိုမျိုး အခြေခံကျတဲ့ သဘောတူညီချက်တွေကို တရုတ်က လက်မှတ်ရေးထိုးအတည်ပြုတာဟာ အလွန်ကို အရေးပါအရာရောက်ပါတယ်” ဟု ILO က ဆိုသည်။ ကုမ္ပဏီများအနေဖြင့် အဓမ္မလုပ်အားခိုင်းစေခြင်းမပြုကြောင်း သက်သေပြနိုင်ခြင်းမရှိပါက ရှင်ကျန်းမှ ကုန်ပစ္စည်းများ တင်သွင်းခြင်းကို ဇွန်လမှစတင်၍ တားမြစ်ပိတ်ပင်သည့် “ဝီဂါများအား အဓမ္မအလုပ်စေ ခိုင်းမှုတားမြစ်ရေး အက်ဥပဒေ” ကို သမ္မတ ဂျိုးဘိုင်ဒင်က ယမန်နှစ်က လက်မှတ်ရေးထိုးခဲ့သည်။

ဒေသတွင်းတွင် ညှင်းပန်းနှိပ်စက်မှုများရှိသည်ဟူသော စွဲချက်များကြောင့် အရေးယူပိတ်ဆို့မှုများ ခံရမှုအပြီး တရုတ်အစိုးရ၏ ရေရှည်မျှော်မှန်းထားသော ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးသဘောတူညီချက်သည် ပြီးခဲ့သည့်နှစ်က ရပ်တန့်သွားခဲ့သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အစိုးရသည် ရှင်ကျန်းတွင် အဓမ္မအလုပ်ခိုင်းစေမှု စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ငြင်းဆိုထားသော်လည်း အဆိုပါစေ့စပ်ညှိနှိုင်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် အလုပ်သမားစံနှုန်းများ မြှင့်တင်ရန်နှင့် ILO သဘောတူညီချက်များကို အတည်ပြုရန် ကတိပြုခဲ့သည်။ သမ္မတပူတင်၏ ယူကရိန်းကျူးကျော်မှုအပြီးတွင် တရုတ်သမ္မတရှီက ရုရှားကို သံတန်ရေးအရ ပံ့ပိုးကူညီ ခဲ့သောကြောင့် တရုတ်၏နောက်ဆုံးလုပ်ဆောင်မှုဖြစ်သည့် သဘောတူစာချုပ်လက်မှတ်ရေးထိုးမှုသည် အမေရိကန်၊ ဥရောပတို့နှင့် ကုန်သွယ်ရေးဆက်ဆံမှု တိုးတက်လာနိုင်ဖွယ်မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly