ရှန်ဟိုင်းမြို့တော်တွင် တင်းကျပ်သောကိုဗစ်စည်းမျဉ်းများချမှတ်ထားစဉ် သေဆုံးမှုမြင့်တက်

ရှန်ဟိုင်းမြို့တော်တွင် တင်းကျပ်သောကိုဗစ်စည်းမျဉ်းများချမှတ်ထားစဉ် သေဆုံးမှုမြင့်တက်

တင်းကျပ်သော အသွားအလာပိတ်ဆို့မှုစီမံချက်များကြောင့် သာမန်ပြည်သူများ၏နေ့စဉ်ဘဝများကို ထိခိုက်မှုရှိနေစဉ်မှာ တရုတ်နိုင်ငံ၏ စီးပွားရေးအချက်အချာကျသော ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေမှာ ဆက်လက်မြင့်တက်လျက်ရှိသည်။

မတ်လက ရှန်ဟိုင်းတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ရုတ်ချည်းမြင့်တက်လာပြီးနောက် ရှန်ဟိုင်း အာဏာ ပိုင်များသည် ဧပြီအစတွင် မြို့တစ်ခုလုံးကို ပိတ်ဆို့ပစ်လိုက်သည်။

အစိုးရက အစောပိုင်းတွင် ၄ ရက်တာ ယာယီပိတ်ဆို့မှုဟု ကြေညာခဲ့ပြီး ပြည်သူအားလုံးကို ချက်ချင်း စမ်းသပ်ကာ အတည်ပြုလူနာများကို သီးခြားခွဲထားပြီး မြို့ကို ပြန်ဖွင့်ပေးမည်ဟု အခိုင်အမာပြောခဲ့သည်။ ထို့ကြောင့် မြို့ခံများသည် ရိက္ခာများကို မစုဆောင်းခဲ့ကြကြောင်း CNN ကဖော်ပြခဲ့သည်။

နေ့စဉ် ထောင်နှင့်ချီသော ကူးစက်မှုအသစ်များတွေ့ရှိလာမှုကြောင့် အစိုးရသည် အသွားအလာပိတ်ဆို့မှုကို သက်တမ်းဆက်တိုးခဲ့ပြီး အတည်ပြုလူနာ ၁ ဦးတွေ့သည့် မည်သည့်လူနေရပ်ကွက်မဆို နောက်ထပ် ၁၄ ရက် ပိတ်ဆို့ကန့်သတ်ရန် ညွှန်ကြားခဲ့သည်။

ထိုအတောအတွင်း ရှန်ဟိုင်းတွင် ဧပြီ ၂၂ ရက်က ကိုဗစ်ကြောင့် သေဆုံးသူ ၁၂ ဦးရှိခဲ့ပြီး ပြီးခဲ့သည့် ရက်သတ္တပတ်များအတွင်း သေဆုံးမှုပေါင်း ၄၀ ကျော်အထိ ရှိလာခဲ့သည်။

ရပ်ကွက်အစုများအကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အမြစ်ဖြတ်ရန် မြို့တော်သည် အဆုံးအဖြတ်တိုက်ပွဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း ရှန်ဟိုင်းအာဏာပိုင်များက ဧပြီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

အသွားအလာကန့်သတ်ထားသော ဧရိယာပြင်ပတွင် ဗိုင်းရပ်စ်ကူးစက်မှုများ ကင်းစင်သွားပါက အသွားအလာပိတ်ဆို့ထားမှုကို အသုတ်လိုက် ဖြေလျော့သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly