မြောင်နယ်တော်လှန်ရေး ၁ နှစ်ပြည့် အခမ်းအနားတွင် တော်လှန်ရေးအဖွဲ့ ၃၆ ဖွဲ့ဆွေးနွေး

မြောင်နယ်တော်လှန်ရေး ၁ နှစ်ပြည့် အခမ်းအနားတွင် တော်လှန်ရေးအဖွဲ့ ၃၆ ဖွဲ့ဆွေးနွေး

ဧပြီ ၂၃

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ရရာလက်နက်ကိုင်စွဲကာ စစ်အာဏာရှင်အားတော်လှန်ခြင်း တစ်နှစ်ပြည့်  “မြောင်နယ်တော်လှန်ရေးနေ့” အခမ်းအနားကို ယမန်နေ့ ဧပြီလ ၂၂ ရက်က ကျင်းပခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM က ထုတ်ပြန်သည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်း မြောင်၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာမြို့နယ်များရှိ တော်လှန်ရေးမဟာမိတ်အဖွဲ့ ၃၆ ဖွဲ့တက်ရောက်ကာ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်၍ တော်လှန်ရေး ယခုထက် ပိုမိုအားကောင်းထိရောက်စေရန် အဖြေရှာခဲ့ကြောင်း သိရသည်။

“ အဖွဲ့တွေအားလုံးကိုဖိတ်ပြီး CDSOM စကတည်းက ဒီနေ့ထိလုပ်ဆောင်ခဲ့သမျှ လုပ်ငန်းစဉ်မှတ်တမ်းတွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေရော အားလုံးကို စာရင်းရှင်းတမ်းလုပ်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မကျေလည်မှုတွေ၊ အဆင်မပြေတာ၊ သံသယတွေရှိရင်လည်း ဘာတွေဆိုတာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ဆွေးနွေးဖို့ပါ လုပ်လိုက်တာဗျ” ဟု CDSOM အဖွဲ့ ဦးဆောင်သူ ကိုနွေဦးက ပြောသည်။

တော်လှန်ရေးစတင်ချိန်မှ လက်ရှိအချိန်အထိ ထောက်ပို့ရငွေ သိန်း ၃,၇၀၀ ကျော် အနက် သိန်း ၃,၅၀၀ ကျော်ကို အသုံးပြုပြီးဖြစ်ကြောင်း CDSOM က တရားဝင် ကြေညာထားသည်။

ထို့အပြင် တစ်နှစ်အတွင်း မြောင်နယ်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၆၄ ပွဲ ဆင်နွှဲခဲ့ပြီး စစ်ကောင်စီ တပ်သား ၂၇၈ ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ၂၀ ဦး ကျဆုံးခဲ့ကာ ၄၉ ဦး ဖမ်းဆီး ခံထားရကြောင်း ဆိုသည်။

“ကျွန်တော်တို့ စတည်ထောင်တဲ့အချိန်ကတော့ မသိမသာလေးနဲ့ လုပ်ခဲ့ကြတယ်။ အဖွဲ့အစည်းရှိမှန်းလည်း မထုတ် ဖော်ဘူး။ တိတ်တိတ်လေးပဲ လုပ်ဆောင်ခဲ့ကြတယ်။ ခုနောက်ပိုင်း ပြောင်းလဲလာတာကတော့ တစ်နယ်လုံးက ပိုပြီးအသိအမှတ်ပြုလာပြီး ဒီအဖွဲ့အစည်းကို အားလုံးကဝိုင်းပြီး ထောက်ခံကြတယ်ဗျာ။ လုပ်ငန်းမှန်သမျှကိုလည်း တစ်နယ်လုံးက ဝိုင်းပါပြီးတော့ ထောက်ပို့နဲ့ သတင်းပေးမှုကို ဝိုင်းပြီးလုပ်ပေးလာကြတယ်။ ပြည်သူရဲ့ ယုံကြည်မှုက အင်အားတစ်ရပ်လို ဖြစ်လာတယ်ဗျ” ဟု ကိုနွေဦးက ဆက်ပြောသည်။

လက်ရှိ နယ်မြေစိုးမိုးမှု အတန်အသင့်ရရှိထားသည့် မြောင်နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ် နေပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်လျက်ရှိကြောင်း ဆိုသည်။

တစ်နှစ်အတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် မြောင်နယ်တွင် နေအိမ်‌ ၇၇ လုံး ပျက်စီး ဆုံးရှုံးခဲ့ကာ စစ်ဘေးရှောင်ပြည်သူများအတွက် သိန်း ၁၆၀ ကျော် လှူဒါန်းခဲ့ကြောင်း၊ မြို့နယ်ကျန်းမာရေးအဖွဲ့မှ ဒေသခံပြည်သူ ၇၀၀ ကျော်ကို ကုသမှုပေးနိုင်ခဲ့ကြောင်း၊ ကြားကာလပညာရေးအတွက် ကျောင်း ၂၃ ကျောင်း ဖွင့်လှစ်ပေးနိုင်ခဲ့ ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

CDSOM အဖွဲ့သည် မြောင်နယ်တွင် ပထမဆုံးပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး တော်လှန်ရေး အင်အားစုများနှင့်ပူးပေါင်းကာ ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးအတွက် အရှိန်မြှင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပြုထားသည်။

#MizzimaTV
#မြောင်မြို့နယ်
#CDSOM
#ဒီမိုကရေစီ
#တော်လှန်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required