ဖလူးကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိ

ဖလူးကျေးရွာအနီး တိုက်ပွဲ စစ်ကောင်စီဖွဲ့ဘက်က ထိခိုက်သေဆုံးမှုရှိ

ဧပြီ ၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်ဒေသရှိ ဖလူးကျေးရွာ အနီးတွင် ယမန်နေ့ ဧပြီလ ၂၁ ရက် ညပိုင်းက တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦး သေဆုံးကာ သုံးဦး ထက်မနည်း ထိခိုက် ဒဏ်ရာများ ရရှိသွားကြောင်း Cobra စစ်ကြောင်းက ထုတ်ပြန်ထားသည်။

ဖလူးကျေးရွာ အနီးတွင် Cobra စစ်ကြောင်းနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ အကြား ယမန်နေ့ ည ၇ နာရီဝန်းကျင်က စတင်ပြီး နှစ်ဖက်ထိတွေ့ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲ အတွင်း Cobra စစ်ကြောင်း တပ်ဖွဲ့ဝင် နှစ်ဦး အသေးစား ဒဏ်ရာများ ရရှိကြောင်း ဆိုသည်။

စစ်ကောင်စီတပ် အထိုင်နေရာ ယူထားသော စွယ်တော်ကုန်း (ခ) အမြောက်ကုန်းက လက်နက်ကြီးများဖြင့် ည ၇ နာရီကျော်မှ ည ၁၁ နာရီကျော်အထိ အချက်ပေါင်းများစွာ ပစ်ခတ်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

လေးကေ့ကော်ဒေသတွင် စစ်ကောင်စီတပ်၏ ကျူးကျော် ဝင်ရောက်မှုကြောင့် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲဖြစ်သည်။

ယင်းတိုက်ပွဲများကြောင့် လေးကေ့ကော်ဒေသ တစ်ဝိုက်ရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်က ထောင်ချီသော ဒေသခံများ ထိုင်းနိုင်ငံနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတွင် စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေး ခိုလှုံနေကြရဆဲ ဖြစ်သည်။

#Mizzima

#ဖလူးလေးကျေးရွာ

#Cobra

#တိုက်ပွဲ

#အမြောက်ကုန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly